မတ္တရာ ဖေဖော်ဝါရီ ၂၀
မတ္တရာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေသီးနှံ(စပါး၊နှမ်း) စီမံကိန်းတွင်ပါဝင်သည့် တောင်သူအစုအဖွဲ့၊ သွင်းအားစု အစုအဖွဲ့၊ ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့များနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်ကော်မတီတို့ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းက ယခင်နှစ်က ဆောင်ရွက်ခဲ့သော လုပ်ငန်းများမှ အခက်အခဲများ၊ အားသာချက် အားနည်းချက်များ၊ အတွေ့အကြုံများဖြင့် ယခုနှစ်တွင် လုပ်ငန်းများကို လုပ်ငန်းရှင်များနှင့် တောင်သူများမှ အခက်အခဲမရှိအောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ စီမံကိန်းရန်ပုံငွေများ ကို အကျိုးရှိရှိအသုံးချနိုင်ရေး၊ သွင်းအားစုကုမ္ပဏီများနှင့် တောင်သူများ ပေါင်းစပ်လုပ်ငန်းကိုင်ကြရန်ဖြင့် အမှာစကား ပြောကြားပြီး မတ္တရာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်သီတာက မတ္တရာမြို့နယ်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေသီးနှံ(စပါး၊နှမ်း) စီမံကိန်း၊ စိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် သွင်းအားစု ကုမ္ပဏီများမှ စျေးနှုန်းသက်သာပြီး ပစ္စည်းအရည်အသွေး မှန်ကန်သော သွင်းအားစုများကို တောင်သူများထံသို့ အရောက် ပေးပို့နိုင်ရေး၊ တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်ပြီးပါက အချိန်မီပြန်လည်ပေးဆပ်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားပြီး သွင်းအားစုကုမ္ပဏီများနှင့် တောင်သူအစုအဖွဲ့ ၇၀ မှ ဧက ၂၅၀၀၀ အတွက် စာချုပ်ချုပ်ဆိုကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌသည် နိုင်ငံတော်မှ နှုန်းချိုသာစွာဖြင့် ရောင်းချပေးသော ယူရီယား မြေသြဇာများကို မြို့နယ်စိုက်ပျိုးရေးရုံး ဂိုဒေါင်အတွင်း သိုလှောင်ထားရှိမှုနှင့် တောင်သူများထံ တစ်အိတ်လျှင် ငွေကျပ် ၃၄၇၀၀ ဖြင့် ရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးသည်။ အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ် ကော်မတီဝင်များ၊ လုပ်ငန်းရှင်များ၊ တောင်သူအစုအဖွဲ့ ခေါင်းဆောင်များနှင့် သွင်းအားစုကုမ္ပဏီများ တက်ရောက်ခဲ့ကြသည်။
စိုးကျော်သူထွေး(မတ္တရာ)