တွန်းဇံ ဖေဖော်ဝါရီ ၂၀

 

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

ဦးစွာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် - နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က ဖတ်ကြားပြီး ချင်းပြည်နယ်ရှိ မြို့နယ်(၉)ခု ကိုယ်စားပြု သဘာပတိအဖွဲ့ ဥက္ကဋ္ဌ ဦးထန်ရှန်းမုန်က ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပရာ မြို့နယ်ထွေ/အုပ်ဝန်ထမ်းအမျိုးသမီးများက ချင်းပြည်နယ် မြို့နယ်ကိုးခုမှ မြို့နယ်တစ်ခုချင်းစီ  ရိုးရာဝတ်စုံ Fashion Show ဖြင့်  ပြသဖျော်ဖြေပြီး အထက ကျောင်းသားကျောင်းသူများက "ပွဲတော်" သီချင်း၊ "ချင်းတို့ဌာနေ" တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းလုံးပြိုင်ပွဲနှင့် တင်းနစ်ပြိုင်ပွဲ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုချီးမြှင့်သည်။ ထို့နောက် ခေါလိုင် အလကခွဲနှင့် အလကတုန်းတွောင်တို့မှ ကျောင်းသူ ကျောင်းသားများက ချင်းရိုးရာအက၊ တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေကြပြီး တက်ရောက်လာသော ဓမ္မဆရာများနှင့် မြို့မိ မြို့ဖတို့အား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌက အမှတ်တရလက်ဆောင် ပေးအပ်ကာ အကအဖွဲ့များအား တာဝန်ရှိသူများက ဆုငွေများ ပေးအပ်သည်။

 

(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဘာသာရေးအဖွဲ့များ၊ အထက၊ ခေါလိုင်အလက၊ တုန်းတွောင်အလက ကျောင်းများမှ ဆရာ ဆရာမများနှင့် အကအဖွဲ့ ကျောင်းသား ကျောင်းသူများ၊ တင်းနစ်ပြိုင်ပွဲနှင့် ခြင်းလုံးပြိုင်တွင် ဆုရရှိသည့်လူငယ်များ စုစုပေါင်း ၃၁၁ ဦး တက်ရောက်ခဲ့ကြသည်။

 

ဇိုဇွန်းပါလ်