နေပြည်တော် ဖေဖော်ဝါရီ ၂၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ် ရုံးတို့ပူးပေါင်း၍ အာဆီယံဖွံ့ဖြိုးမှု ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အာဆီယံစီမံချက်ရေးဆွဲရေး သင်တန်း (ASEAN Project Development Training) ဖွင့်ပွဲကို  နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အာဆီယံစီးပွားရေးမဏ္ဍိုင်နှင့်ဆက်စပ်သည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အာဆီယံလွတ်လပ်သော ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှုတွင် အရေးပါကြောင်း၊ ဒစ်ဂျစ်တယ် ဖွံဖြိုးတိုးတက်လာခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အားပေးလာခြင်းတို့နှင့်အတူ အာဆီယံလွတ်လပ်သောကုန်သွယ်မှု ဒေသညှိနှိုင်းမှုများတွင် နယ်ပယ်အသစ်များကို ထည့်သွင်းအဆိုပြုလာကြကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ (CLM) တို့အတွက် ဖွံ့ဖြိုးမှု နယ်ပယ်အသစ်များအတွက် အသိပညာပေး အစီအစဉ်များ၊ နည်းပညာ အကူအညီများ လိုအပ်ကြောင်း၊ ယခုကျင်းပမည့် သင်တန်းတွင် အသိပညာပေးအစီအစဉ်များ၊ နည်းပညာ အကူအညီများနှင့် ဖွံ့ဖြိုးမှု ပရောဂျက်စီမံကိန်းများတောင်းခံရာတွင် လိုအပ်သည့် စီမံချက် အဆိုပြုလွှာရေးသားနည်းများကို သင်ကြားပေးမည်ဖြစ်သောကြောင့် အရေးပါသည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းမှရရှိလာသည့် အတွေ့အကြုံများကို အခြေခံပြီး မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်သည့်စီမံချက်များအတွက် အဆိုပြုလွှာများကို ရေးသားတောင်းခံကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

mdn

 

အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိဖွင့်လှစ်၍ ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အာဆီယံပူးပေါင်း ဆောင်ရွက်မှု စီမံချက်များနှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ အာဆီယံစီမံချက် အဆိုပြုလွှာများ ရေးဆွဲရာတွင် လိုက်နာရမည့်ပုံစံများ၊ စီမံချက်အဆိုပြုရာတွင် ထည့်သွင်းရမည့် အချက်လက်များနှင့် အကျိုးကျေး‌ဇူးများ၊ စီမံချက်များအောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို လာရောက်ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသားများက စီမံချက်အဆိုပြုလွှာများ ရေးဆွဲခြင်းကို လက်တွေ့ ဆောင်ရွက်ကြရမည်ဖြစ်သည်။

အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသနှင့် အာဆီယံအပေါင်းတစ် လွတ်လပ်သောဒေသ အကောင်အထည်ဖော်မှုများနှင့် စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့်အတွက် လွတ်လပ်သော ကုန်သွယ်မှုဒေသများ အဆင့်မြှင့်တင်ရာတွင်လည်းကောင်း၊ အသစ်ညှိနှိုင်းရာတွင်လည်းကောင်း ကုန်သွယ်မှုနှင့် အလုပ်သမားကဏ္ဍ၊ ကုန်သွယ်မှုနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အစရှိသဖြင့် နယ်ပယ်အသစ်များကို ထည့်သွင်းအဆိုပြုလာပါသဖြင့် အဆိုပါနယ်ပယ်အသစ်များနှင့် စပ်လျဉ်းပြီး နားလည်သဘောပေါက်စေရန်နှင့် လိုက်ပါအကောင်အထည်ဖော်ရန်အတွက် သင်တန်းများနှင့် နည်းပညာအကူအညီများ လိုအပ်လျက်ရှိကြောင်းနှင့် သင်တန်းမှရရှိသည့် ဗဟုသုတများသည် အာဆီယံ၏ လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ ညှိနှိုင်းမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသည့် နည်းပညာပူးပေါင်းဆောင်ရွက်မှု စီမံချက်များအတွက် အဆိုပြုလွှာရေးသားရန်နှင့် အဆိုပါ စီမံချက်များကို စနစ်တကျ အကောင်အထည်ဖော်ရန်အတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်