နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာအုပ်စု၌ တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားနှင့် နေပြည်တော်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုးမည့် တောင်သူများထံ သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအုပ်စု ရေအေး KC ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက ဆောင်းသီးနှံနှင့် နွေသီးနှံစိုက်ပျိုးထွက်ရှိမှုအခြေအနေ၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး၊ ဆောင်းသီးနှံ၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက ရေအေးကျေးရွာအုပ်စုနှင့် ညောင်တုန်းအိုင် ကျေးရွာအုပ်စုမှ တောင်သူများထံ သွင်းအားစု ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရေအေး ကျေးရွာအနီးရှိ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှု အားပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် လက်ရည်တစ်ပြင်တည်း နေ့လယ်စာစားပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာသူများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် နေပြည်တော်အတွင်း လယ်ယာမြေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေးအတွက် စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နေပြည်တော်၊ ခရိုင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လုပ်ထုံးလုပ် နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပူးပေါင်းပါဝင်ကူညီ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေက လယ်ယာမြေပေါ်တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြု လုပ်ထုံးလုပ်နည်းများကို လည်းကောင်း၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ထူးက နေပြည်တော်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် လယ်ယာမြေစီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်