ဂါဇာ၊ ဖေဖော်ဝါရီ ၂၁
ဥရောပသမဂ္ဂ (အီးယူ) ၂၆ နိုင်ငံက ရာဖာတွင် စစ်ရေးတိုက်ခိုက်မှုမပြုလုပ်ရန် အစ္စရေးကို တိုက်တွန်းပြောကြားလိုက်သည်။ ရာဖာသည် ဂါဇာတောင်ဘက်စွန်းဒေသဖြစ်ပြီး လူဦးရေ ၁ ဒသမ ၅ သန်း မှီခိုနေထိုင်လျက်ရှိသည်။ အီးယူ ၂၆ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဖေဖော်ဝါရီ ၁၉ ရက်က ဘရက်ဆဲလ်တွင် အထက်ပါကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
အစည်းအဝေးပြီးနောက် အီးယူနိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဂျိုးဆက်ဖ်ဘော်ရယ်က ရာဖာရှိ စစ်ဆင်ရေးက ယခင်ကတည်းက ဆိုးရွားနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေကြောင်းနှင့် အခြေခံလိုအပ်ချက်များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာများကို အရေးပေါ်ထောက်ပံ့ပေးရန် အဟန့်အတားဖြစ်စေကြောင်း ပြောကြားခဲ့သည်။
ရာဖာ၌အစ္စရေးတို့ မြေပြင်ထိုးစစ်ဆင်နွှဲရန် အသင့်ဖြစ်နေချိန်တွင် နိုင်ငံတကာစိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။ ဟားမားစ်တို့က ရာမဒန်ကာလမတိုင်မီ ဓားစာခံများ အကုန်ပြန် မလွှတ်ပေးပါက အစ္စရေးစစ်ဘက်က ရာဖာကို ထိုးစစ်ဆင်လိမ့်မည်ဟု အစ္စရေးကာကွယ်ရေး ဝန်ကြီးဟောင်းနှင့် စစ်ရေးဝန်ကြီးအဖွဲ့ဝင် ဘန်နီဂန့်ဇ်က ဖေဖော်ဝါရီ ၁၈ ရက် က ပြောကြားခဲ့သည်။ မွတ်စလင်တို့၏ဥပုသ်လသည် ယခုနှစ် မတ် ၁၀ ရက်ဝန်းကျင်တွင် စတင်မည်ဖြစ်သည်။ အစ္စရေး တပ်ဖွဲ့ဝင်များသည် ခန်ယွန်နစ်နှင့် ဂါဇာတောင်ပိုင်း၌ ရက်စက်ပြင်းထန်သည့်မြေပြင် ထိုးစစ်များ ဆက်လက်ပြုလုပ်လျက်ရှိသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း လူပေါင်း ၁၀၇ ဦး သေဆုံးခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူဦးရေ သည် ၂၉၀၉၂ ဦးအထိ တိုးလာကြောင်း ဂါဇာ ကျန်းမာရေးအာဏာပိုင်များက ပြောသည်။
အင်န်အိတ်ချ်ကေ