ထားဝယ် ဖေဖော်ဝါရီ ၂၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၄)နှစ်မြောက် ထားဝယ်တက္ကသိုလ် တည်ထောင်ခြင်း နှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဦးစွာ ကျောင်းသား ကျောင်းသူများက ပညာရိပ်မြုံထားဝယ်တက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “ဒေသ၏အရင်းအမြစ်များကို မိမိတို့ အထူးပြုဘာသာရပ် နယ်ပယ် အလိုက် သုတေသနလုပ်ငန်းများ လုပ်ဆောင်လေ့လာခြင်းအားဖြင့် သင်ကြားရေးအတွက် အထောက်အကူဖြစ်သလို မိမိနိုင်ငံ၊ မိမိဒေသ ဖွံ့ဖြိုးရေးကို အထောက်အကူပြု အကျိုးရှိမည့်လုပ်ငန်းများ၊ အချက်အလက်များ ဖော်ထုတ်နိုင်မှာဖြစ်ကြောင်း၊ ထားဝယ်တက္ကသိုလ်က ခေတ်မီနိုင်ငံတော်အတွက်၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများကို တနင်္သာရီတိုင်းအတွက် အကျိုးပြုမည့် သုတေသနများ၊ MSM Eလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်သော သုတေသနရလာဒ်ကောင်းများ ရရှိနိုင်အောင် ဆက်လက်ပြီး စဉ်ဆက်မပြတ် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ မိမိတက္ကသိုလ်၏ ဂုဏ်၊ တနင်္သာရီတိုင်း၏ဂုဏ်၊ အမိနိုင်ငံတော်၏ဂုဏ်ကိုဆောင်မည့် သုတေသီပညာရှင်များဖြစ်အောင် ကြိုးစားကြရန်” ပြောကြားသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိမ်းညို့ညို့ကိုက “Understanding the Importance of Authorship in Academic Writing" ခေါင်းစဉ်ဖြင့် ဟောပြောပြီး ကျောင်းသား ကျောင်းသူများ က မွန်တိုင်းရင်းသားရိုးရာ အက၊ ကရင်တိုင်းရင်းသား တေးသရုပ်ဖော်အက၊ ထားဝယ်တိုင်းရင်းသားရိုးရာအက၊ ကရင်တိုင်းရင်းသားရိုးရာအကဖြင့် သီဆိုဖျော်ဖြေသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာတမ်းရှင်များအတွက် ဂုဏ်ပြုငွေကျပ် ၁၀ သိန်း ၅ သောင်းကိုလည်းကောင်း၊ သီဆိုဖျော်ဖြေသူများအတွက် ဂုဏ်ပြုငွေကျပ် ၅ သိန်းကိုလည်းကောင်း ချီးမြှင့်ပေးအပ်ပြီး ဝိဇ္ဇာစာတမ်း၊ သိပ္ပံစာတမ်း၊ ပိုစတာများကို လိုက်လံကြည့်ရှုအားပေးသည်။ ထားဝယ်တက္ကသိုလ်တည်ထောင်ခြင်း (၂၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲတွင် ဝိဇ္ဇာစာတမ်း ငါးစောင်၊ သိပ္ပံစာတမ်း ရှစ်စောင်၊ ပိုစတာ ရှစ်စောင်ကို တာဝန်ရှိသူများက သက်ဆိုင်ရာ အဆောင်များ၌ တင်သွင်းဖတ်ကြားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)