နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ယာသီးနှံသုတေသနဌာနခွဲ စီပင်ခြံ၏ သုတေသန လုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများ ကို ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ တာဝန်ရှိသူများက ဆီထွက်သီးနှံနေကြာ ဆင်းရွှေကြာ-၂၊ ပဲတီစိမ်း၊ ပဲစင်းငုံ အပါအဝင်သီးနှံ (၁၁)မျိုး၏ သုတေသန၊ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း မျိုးသစ်ထုတ်လုပ်ခြင်းနှင့် မျိုးသန့်မျိုးပွား ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်း တိုးတက်ရေးအပြင် စားသုံးမှုအရည်အသွေးနှင့် ဈေးကွက်ဝယ်လိုအားကို ထည့်သွင်းတွက်ချက်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ဖွံ့ဖြိုးရေးဌာန (VFDC)၊ လှိုင်းတက်ခြံ၏ ဟင်းသီးဟင်းရွက်ရာသီသီးနှံ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသနှင့်ကိုက်ညီပြီး စီးပွားရေး တွက်ချေကိုက်သော သီးနှံမျိုးကောင်း၊ မျိုးသန့်မျိုးစေ့၊ ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် နည်းပညာပေးလုပ်ငန်းများ တစ်ပြိုင်တည်းဆောင်ရွက်ရန်၊ ဟင်းအဖြစ် ချက်ပြုတ်စားသောက်နိုင်သော ဟင်းသီးဟင်းရွက်များကို ဦးစားပေးထုတ်လုပ်ရန်၊ တောင်သူများ၏ သဘောထားမှတ်ချက်ကိုရယူ၍ အပူးပိုင်းဒေသနှင့် ကိုက်ညီဖြစ်ထွန်းစေမည့် သီးနှံအမယ်များကို ရွေးချယ်ပြီး မျိုးသန့်မျိုးပွား ထုတ်လုပ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနပိုင် စက်ရုံအား Dagon Foods Co.,Ltd က ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် သစ်သီးဝလံ အခြေခံ စားသောက်ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ဟဲဟိုးမြို့ ဥဿာကံကျေးရွာရှိ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို ကြည့်ရှုစစ်ဆေးပြီး စားဖို ဆောင်သီးနှံဖြစ်သည့် အာလူးကိုမုန့်ပဲသရေစာနှင့် အခြားသော စားသောက်ကုန်ချောများအဖြစ် တွင်ကျယ်စွာ အသုံးပြုနေခြင်းကြောင့် ဈေးကွက်သေချာ၍ အရေးပါသော စိုက်ပျိုးရေးထွက်ကုန် တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးသည့် ဒေသအလိုက် စိုက်ပျိုးချိန် တူးဖော်သိမ်းဆည်းချိန် မတူညီနိုင်မှုကို တောင်သူများ အလေးဂရုပြုနိုင်ကြရန်နှင့် နည်းပညာပိုင်းအရ လိုက်နာဆောင်ရွက်ရမည့် အချက်များကို စနစ်တကျဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ အလားတူ မျိုးအာလူးများ ထုတ်လုပ်ရာတွင်လည်း ရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းရန် လိုအပ်သကဲ့သို့ ကြော်အားလူး ချက်အာလူး အမျိုးအစားအလိုက် ဈေးကွက်အကြိုက် စားသုံးမှု အရည်အသွေးကောင်းမွန်ရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဒေသခံတောင်သူများက ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် အာလူးစိုက်ခင်းများနှင့် ကြက်သွန်ဖြူ စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်ခင်မင်ရင်း နှီးစွာတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်