နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံးဝင်း အတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားပြီး ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကြည်လင်းက ဝန်ထမ်းအိမ်ရာများတွင် မသက်ဆိုင်သူများ နေထိုင်မှုမရှိစေရေးနှင့် ဝန်ကြီးဌာနရုံးများ၊ အိမ်ရာများနှင့် သက်ဆိုင်သည့် မြေနေရာများတွင် ကျူးကျော်နေထိုင်မှုများ မရှိစေရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ(၁)၌ကျင်းသည့် နေပြည်တော်စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝစေရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး နေပြည်တော် ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုချိုမြင့်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ဆက်လက်ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်က လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်