ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၂၃

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဂါဇာကမ်းမြောင်ဒေသ၌ အမြဲတမ်းအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဟားမတ်စ်အဖွဲ့၏ အဆိုပြုချက်ကို လက်မခံကြောင်း ယမန်နေ့က ထပ်မံ သတိပေး ပြောကြားသည်။

အစ္စရေးသည် ၎င်း၏ရည်မှန်းချက်များသို့ မရောက်ရှိမီ လက်ရှိဖြစ်ပွားလျက်ရှိသည့် စစ်ပွဲကို ရပ်တန့်သွားမည်မဟုတ်ကြောင်း နေတန်ယာဟုက စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခု၌ တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

ဟားမတ်စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများကို လွှတ်ပေးရန် လိုလားလျက်ရှိသော်လည်း ဟားမတ်စ်အဖွဲ့က တောင်းခံထားသည့် စစ်လျော်ကြေးငွေကို ပေးဆောင်ရန် ပြင်ဆင်ထားခြင်းမရှိ ကြောင်း နေတန်ယာဟုက ဆက်လက်ပြောသည်။ ဟားမတ်စ်အဖွဲ့သည် စစ်ပွဲများ အပြီးတိုင်ရပ်စဲရေးအတွက် အပြင်းအထန်တောင်းဆိုလျက်ရှိသည်။

ဂါဇာတွင် ထိန်းသိမ်းခံထားရသော ဓားစာခံများ၏ မိသားစုများသည် ၎င်းတို့၏ မိသားစုဝင်များကို လွှတ်ပေးရန် တောင်းဆိုသည့် စုဝေးပွဲတစ်ခု ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အစ္စရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲများကို အရှိန်မြှင့်တိုက်ခိုက်လျက်ရှိသည့်အတွက် ဂါဇာဒေသ၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုပြင်းထန်လျက်ရှိသည်။

ဂါဇာကမ်းမြောင်ဒေသရှိ အိမ်ထောင်စုများ၏ ၆၄ ရာခိုင်နှုန်းသည် တစ်နေ့လျှင် ထမင်းတစ်နပ်သာ စားနေကြရသည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့မှ ထုတ်ပြန်သည့် အရေးပေါ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကလေးငယ် ၄၀ မှ ၅၀ ရာခိုင်နှုန်းသည် အသည်းရောင်ရောဂါနှင့် အဆုတ်ရောင်ရောဂါကဲ့သို့သော ကူးစက်ရောဂါများ ခံစားနေရသည်ဟု တောင်ပိုင်းမြို့တော်ရာဖာမှ ဆေးဘက်ဆိုင်ရာ ဆရာဝန်တစ်ဦး က ဆိုသည်။ စစ်ဘေးရှောင် ရွှေ့ပြောင်းသူများအပါအဝင် ပြည်သူ ၁ ဒသမ ၅ သန်းနီးပါး ရာဖာမြို့၌ နေထိုင်လျက်ရှိသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်