ဖေဖော်ဝါရီ ၂၃
ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Ngai ပြည်နယ် ပင်လယ်ပြင်တွင် ငါးဖမ်းလှေတစ်စီးနှင့် ကုန်တင်သင်္ဘောတစ်စင်းတို့တိုက်မိခဲ့ပြီးနောက် ယနေ့မနက်ပိုင်းတွင် ငါးဖမ်းသမားတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။ ငါးဖမ်းသမားကိုးဦးလိုက်ပါလာသော ငါးဖမ်းလှေသည် ကုန်တင်သင်္ဘောနှင့်တိုက်မိပြီးနောက် နှစ်ပိုင်းပြတ်သွားခဲ့သည်ဟု ဒေသတွင်းမီဒီယာ VnExpress တွင် ဖော်ပြထားသည်။ ငါးဖမ်းလှေပေါ်ပါကိုးဦးအနက် သေဆုံးသူတစ်ဦးအပါအဝင်ခုနစ်ဦးကို ကယ်ဆယ်ရရှိခဲ့ပြီး ပျောက်ဆုံးနေသူနှစ်ဦးကို ဒေသတွင်းအာဏာပိုင်များက ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို