နေပြည်တော် ဖေဖော်ဝါရီ ၂၃

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် အရာထမ်း လောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၂)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၇) နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန် မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရှိ ပညာဌာန(၈)ခုမှ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ဆွေးနွေးပို့ချခဲ့ကြပြီးဖြစ်၍ တက္ကသိုလ်ကရရှိခဲ့သည့် ပညာရပ်နှင့် အတွေ့အကြုံဗဟုသုတများကို မိမိတို့၏ လုပ်ငန်းခွင် နယ်ပယ်များတွင်  လက်တွေ့အသုံးပြုသွားကြရန်၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ အရာထမ်းလောင်းများသည် နိုင်ငံတော်ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အကောင်အထည်ဖော်ရာတွင် ကျရာအခန်းကဏ္ဍမှ အဂတိတရား ကင်းရှင်းပြီး စိတ်စေတနာအပြည့်ဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးကြရန်၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ်ပန်ဆင်ကာ ကျင့်ဝတ်အပါး(၃၀)ကို လိုက်နာကြရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းသော ဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် မှာကြားသည်။

ထို့နောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ ဘွဲ့လက်မှတ်များကို ချီးမြှင့်ပေးအပ်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း(၁၁၅)ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၁၆)ပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်