နေပြည်တော် ဖေဖော်ဝါရီ ၂၃
ကျိုက်ထိုနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ကျေးရွာအုပ်စု မရမ်းချောင်ကျေးရွာအနီးတွင် ရန်ကုန်-ကော့သောင်းသွား ခရီးသည်တင်မှန်လုံ မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မမော်မော်သန်း(ခ) အငယ်လေး ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း၊ အလားတူ ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် သစ္စာပန်းလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မဆုပြည့်ထက်အောင်(ခ)ဆုပြည့် အား စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၄၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်