ရန်ကုန် ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၈၀၀ အမြင့်တွင်တည်ရှိသည့် ရေခဲတောင်ဒေသ နောင်မွန်မြို့နယ်ဧရိယာ၌ ကမ္ဘာတွင် မြန်မာတစ်နိုင်ငံ တည်း၌သာ ကျက်စားလျက်ရှိသည့် ဖက်ချေ(Leaf Deer or Leaf Muntjac)နို့တိုက်သတ္တဝါ ရှင်သန်လျက်ရှိကြောင်း ခါကာဘိုရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။

ခါကာဘိုရာဇီ အမျိုးသားဥယျဉ်နှင့် ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်တို့သည် ရေခဲ တောင်ဂေဟစနစ်များဖြင့် ဖွဲ့စည်းတည်ရှိလျက်ရှိပြီး ရေခဲတောင်တောရိုင်း တိရစ္ဆာန်များ၊ ဌာနေငှက်များ၊ ရေခဲငါးများ၊ ဆေးဖက်ဝင် အပင်နှင့်ဥများ၊ သစ်ခွမျိုးစုံနှင့် ခရီးတစ်ထောက် ဝင်ရောက်နားခိုလေ့ရှိသည့် ဆောင်းခိုငှက် တို့ဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်လျက်ရှိရာ အာဆီယံနိုင်ငံများအကြား၌ ဂေဟစနစ်တွင် အရေးပါသော ရေခဲတောင်ဒေသအဖြစ် ထင်ရှားလျက်ရှိသည်။ ဖုန်ကန်ရာဇီအမျိုးသားဥယျာဉ်သည် အိန္ဒိယနိုင်ငံရေခဲဖုံး လွှမ်းရာ ဒေသနှင့်လည်းကောင်း၊ ခါကာဘိုရာဇီအမျိုးသားဥယျဉ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေခဲဖုံးလွှမ်းရာဒေသနှင့်လည်းကောင်း ထိစပ်လျက်ရှိပြီး ထိုဒေသနှစ်ခုမှ တောရိုင်း တိရစ္ဆာန်မျိုးစိတ်များ မှီတင်းနေထိုင်ရာ ဥယျာဉ်ကြီးများအဖြစ် တည်ရှိလျက်ရှိသည်။
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် ဖုန်ကန်ရာဇီအမျိုးသားဥယျာဉ်ထက် မြင့်မားပြီး ဖုန်ကန်ရာ ဇီရေခဲတောင်များသို့ ခရီးသွားများနှစ်စဉ်ဝင်ရောက်၍ သဘာဝ ခရီးသွားဒေသတစ်ခုအဖြစ် တောင်တက် အပန်းဖြေခရီးသွားလုပ်ငန်း ပွင့်လန်းလျက်ရှိသည်။  

ခါကာဘိုရာဇီရေခဲတောင်ဒေသသည် တောင်များမြင့်မား၍ ခရီးလမ်းကြမ်း သည့်အပြင် သွားလာရေးခက်ခဲသောကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ပိုမိုရှင်သန်လျက်ရှိ သည်။ ဖက်ချေ(Leaf Deer or Leaf Muntjac)ကို ဖက်ဂျီဟုလည်းကောင်း၊ ပူတာအိုချေဟု လည်းကောင်း ခေါ်ဆိုလေ့ရှိပြီး ကြောင်တစ်ကောင်အရွယ်အစားခန့်သာရှိသည့် ချေမျိုး စိတ်အငယ်စားဖြစ်ကာ သိပ္ပံအမည်အဖြစ် မန်တီးယားကပ်စ် ပူတာအိုအင်းဆက်စ် (Muntiacus putaoensis)ဟုခေါ်ဆိုသည်။ ဖုန်ကန်ရာဇီအမျိုးသားဥယျာဉ်ဧရိယာတွင်  ရှားပါးမျိုးစိတ်စာရင်းဝင်ဖြစ်သော ကတိုးချေနို့တိုက်သတ္တဝါများလည်း ရှင်သန် ကျက်စား လျက်ရှိပြီး အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘူတန်နှင့် ရေခဲတောင် ဒေသတို့တွင် ကျက်စားလျက်ရှိသည်။  ခါကာဘိုရာဇီအမျိုးဥယျာဉ်ဧရိယာ၌ ကမ္ဘာတွင် မြန်မာတစ်နိုင်ငံ တည်း၌ ရှင်သန်ကျက်စားလျက်ရှိသည့် ဖက်ချေနို့တိုက်သတ္တဝါအား ၁၉၉၇ ခုနှစ်တွင် ဇီဝပညာရှင်တစ်ဦးက နောင်မွန်မြို့နယ်တွင် စတင်တွေ့ရှိခဲ့ရာမှ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ၊ အမျိုးသားဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်စုစုပေါင်း ၅၉ ခုရှိပြီး အာဆီယံအမွေအနှစ်စာရင်းဝင် ရှစ်ခုရှိသည်။ ဖုန်ကန်ရာဇီတောရိုင်း တိရစ္ဆာန် ဘေးမဲ့ တောနှင့် ခါကာဘိုရာဇီဘေးမဲ့တောသည် အာဆီယံအမွေအနှစ် စာရင်းဝင်ဖြစ်ရာ ကမ္ဘာ့ ရှားပါးတောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားရာ သဘာဝထိန်းသိမ်းရေးနယ် မြေများ အဖြစ် ရှင်သန်လျက်ရှိ၍ ကမ္ဘာတွင် မြန်မာပြည်မြောက်ဖျား နောင်မွန်ဒေသ၌ ချေမျိုး စိတ်ထက် အရွယ်အစားသေးငယ်သော ဖက်ချေ(Leaf Deer or Leaf Muntjac) မျိုးစိတ်သစ် ရှင်သန်တည်ရှိမှုသည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရှားပါး တောရိုင်း တိရစ္ဆာန်များ ရှင်သန်ကျက်စားရာ နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်တင့်လျက်ရှိသည်။

ဓာတ်ပုံ - ခါကာဘိုရာဇီအမျိုးသားဥယျာဉ်
ညိမ်းသူ(သတင်းစဉ်)