နေပြည်တော် ဖေဖော်ဝါရီ ၂၃

မြန်မာရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊ ဝန်ထမ်းအချင်း ချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတစ်ကွ ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီတတ်စေ‌ရေးဟူသော  ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်မြောက် ဦးစီးဌာနအလိုက် ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန  ယဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ ထမနဲထိုးပြိုင်ပွဲကို မန်လည်ဆရာတော်ဘုရားကြီး၏ ထမနဲထိုးကဗျာဖြင့် အခမ်း အနားကိုဖွင့်လှစ်ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က အမှာစကားပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကို စတင်ကျင်းပရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု ဝန်ကြီးရုံးနှင့်ဦးစီးဌာန ၈ ခုမှ ပြိုင်ပွဲဝင်အသင်း ၉ သင်းတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ် အလာအတိုင်း တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို  ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်