နေပြည်တော် ဖေဖော်ဝါရီ ၂၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၄၇) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ဦးစီးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက Online ဖြင့် တက်ရောက် ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးမည့် အကြောင်းအရာဖြစ်သော “အနာဂတ် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် စဉ်းစားရမည့်ဒိုင်ယာစပိုရာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ” ခေါင်းစဉ်သည် မိမိတို့ဝန်ကြီးဌာ၏ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည့် အကြောင်းအရာဖြစ်ကြောင်း၊ ဒိုင်ယာစပိုရာတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ ပြည်ပနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်သူများက စုဆောင်းရရှိခဲ့သော ငွေကြေးပစ္စည်းများကို မိခင်နိုင်ငံတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း၊ မိခင်နိုင်ငံ၊ မူရင်းနေရာတွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရာ၌ အိမ်၊ ခြံ၊ မြေ၊ စက်မှုလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အစုရှယ်လုပ်ငန်းနှင့် ရွေ့ပြောင်းသယ်ယူနိုင်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြခြင်းဖြစ်ကြောင်းနှင့် တက်ရောက်လာကြသူများအနေဖြင့် စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးသွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က “အနာဂတ် မြန်မာ့စီးပွာရေးဖွံ့ဖြိုးမှုအတွက် စဉ်းစားရမည့် ဒိုင်ယာစပိုရာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ” အကြောင်း အရာနှင့်စပ်လျဉ်း၍ဆွေးနွေးပြောကြားပြီး နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒိုင်ယာစပိုရာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်