ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် တပို့တွဲလ ပြည်နေ့ ထမနဲဆွမ်းလှူဒါန်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ ဂေါပကအဖွဲ့၀င်များ၊ ၀န်ထမ်း များနှင့် ၀တ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ထမနဲဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြပြီး အခမ်းအနားကိုအစီအစဉ် အတိုင်းဆောင်ရွက်ကြသည်။
ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းနှင့် ရောင်တော်ပွင့်တန် ဆောင်းတို့၌ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာ့တော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးများ၊ ပင့်သံဃာတော်များက ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များတန်ဆောင်းစုရပ်မှ ရွှေတိဂုံစေတီတော်ရင်ပြင် တစ်ပတ်လှည့် လည်ပူဇော်ခံ ရာဂေါပကအဖွဲ့၀င်များ၊ ၀န်ထမ်းများ၊ ၀တ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ထမနဲဆွမ်း နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
ဆက်လက်၍ (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲ ရေစက်ချ အနုမောဒနာ အခမ်းအနားကို ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ၊ နိုင်ငံတော်သံဃာ့ ၀န်ဆောင်၊ သာသနာ့ဓဇဓမ္မာစရိယ ဆရာတော်ဘဒ္ဒန္တကဥ္ဇန ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ထမနဲလှူဒါန်းပွဲတော် ကျင်းပရေးဗဟို ကော်မတီဥက္ကဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အလှည့်ကျသဘာပတိ ဦးထိန်၀င်းက ဇယမင်္ဂလာ အနုမောဒနာစကား လျှောက်ထားသည်။
ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဂေါပကအဖွဲ့၀င်များနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ အဂ္ဂမ ဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဂုဏလင်္ကာရထံမှု အနုမောဒနာတရား နာကြားပြီး သိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယနေ့တပို့တွဲလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်