နေပြည်တော် ဖေဖော်ဝါရီ ၂၄
၂၀၂၃-၂၀၂၄ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့်စနူကာအားကစားရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဉီးရွှေကြိမ်း နှင့် ဉီးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများတက် ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိန်းဇံ က ပြည်နယ်နှင့်တိုင်း ဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် အားကစား မောင်/မယ် များသည် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်း အနိုင်ရရှိရေးအတွက် မိမိတို့၏ အစွမ်းအစ၊ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွားရန် လိုအပ်ကြောင်း၊ ထို့ပြင် အားကစားသမားကောင်းများပီသစွာ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားရင်း ၂၀၂၃-၂၀၂၄ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန် ကြီး ဉီးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေး ကြသည်။
၂၀၂၃-၂၀၂၄ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို အလားအလာကောင်းမွန်သည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိ စေရေးနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများအား အထောက်အကူပြုနိုင်မည့် ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၀ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ရာ အားကစားကိုစိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်