ရန်ကုန်၊ ဖေဖော်၀ါရီ    ၂၅
ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်း၀င် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ အဆိုပါစေတီတော်၀င်းအတွင်း၌ ကျင်းပသည်။
 ဦးစွာ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးအား သြ၀ါဒါစရိယဆရာတော် ကြီးများနှင့် ပင့်သံဃာ့တော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူ ပူဇော်ကြသည်။
ထို့နောက် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပရာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြ၀ါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိ၀ံသ (မစိုးရိမ်) ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် (၇၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့၀င် ဦးလှထွန်းက ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဥ်း၍ လျှောက်ထားသည်။
ထို့နောက် ဘဒ္ဒန္တကေသရာဘိ၀ံသ (မစိုးရိမ်) ဆရာတော်ထံမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် မြတ်စွာဘုရားရှင်နှင့် အဂ္ဂသာ၀က ရဟန္တာအရှင်မြတ်ကြီးများ၊ သြ၀ါဒါစရိယ ဆရာတော်ကြီးများအပါအ၀င် ပင့်သံဃာတော် (၄၅) ပါးတို့အား ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့၀င်များနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။ 
ကိုကိုဇော်(သတင်းစဉ်)