နေပြည်တော် ဖေဖော်ဝါရီ ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်၊ စွန်ရဲအင်းဒေသရှိ နို့စားနွားမွေးမြူရေးဇုန် ဧက (၃၀၀) အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ လျာထားချက် ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ လုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီများအနေဖြင့် တာဝန်ယူသည့် ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တိရိစ္ဆာန်အစာပင် စိုက်ပျိုးမည့်နေရာများ ဆောင်ရွက် ထားရှိမှု၊ ရေစုကန်များ၊ ရေသွယ်ပိုက်လိုင်းများ၊ ရေတင်ပန့်များနှင့် မြေအောက်ရေရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းရိပ်သာ ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူ အစုအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ငန်းတိုးတက်မှုများကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်ချက်များ အချိန်မီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။
သတင်းစဉ်