နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် (၁)နှင့် (၂)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့သို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပို့ကုန်ကြေညာလွှာ (Export Declaration- ED) နှင့် သွင်းကုန်ကြေညာလွှာ (Import Declaration- ID) များမှန်ကန်မှု ရှိစေရေးဌာနဆိုင်ရာ One-Stop-Service (OSS) အဖွဲ့များက စနစ်တကျ စိစစ်စစ်ဆေးရန်၊ သတ်မှတ်နယ်စပ်မြို့ကို ဖြတ်ကျော်၍ ပြည်တွင်းသို့ တင်သွင်းမည်ဆိုပါက သွင်းကုန်လုပ်ထုံးလုပ်နည်းများအတိုင်း သွင်းကုန်လိုင်စင် ရယူခြင်း၊ အခွန်အရပ်ရပ် ပေးဆောင်ခြင်းများ ဆောင်ရွက်ရေးတို့ကို စိစစ်ကြပ်မတ်ရန်နှင့် တရားမဝင် တင်ပို့တင်သွင်းခြင်းများ မရှိစေရေး အလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်အပြည်ပြည်ဆိုင်ရာမြစ်တွင်း ဆိပ်ကမ်း (ဝမ်ပုံ) ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မဲခေါင်မြစ်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းကိုစစ်ဆေးရာ၌ ကြန့်ကြာမှုမရှိစေရေးနှင့် မှန်ကန်သည့်ကုန်သွယ်မှုဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ရေရှည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားကာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ကျိုင်းလပ်ကုန်သွယ်ရေး စခန်းနှင့် မြန်မာ-လာအို ချစ်ကြည်ရေးတံတားရှိ Border Control Facility (BCF) ဂိတ်၌ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းလပ် (မြန်မာ) - ကျိုင်းခုတ် (လာအို) ချစ်ကြည်ရေးတံတားကို အသုံးပြု၍ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဆင့်ခံဖြတ်သန်းကုန်သွယ်မှု (Transit Trade) တိုးတက် ဖြစ်ထွန်းရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဒေသရှိတိုင်းရင်းသား ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်