ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ပူတာအိုခရိုင်တွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၈၀၀ အမြင့်တွင် တည်ရှိသည့် ရေခဲတောင်ဒေသ နောင်မွန်မြို့နယ်ဧရိယာ၌ ကမ္ဘာတွင် မြန်မာတစ်နိုင်ငံတည်း၌သာ ကျက်စားလျက်ရှိသည့် ဖက်ချေ(Leaf Deer or Leaf Muntjac)နို့ တိုက်သတ္တဝါ ရှင်သန်လျက်ရှိကြောင်း ခါကာဘိုရာဇီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီအမျိုးသားဥယျာဉ်တို့သည် ရေခဲတောင်ဂေဟစနစ်များဖြင့်  ဖွဲ့စည်းတည်ရှိလျက်ရှိပြီး ရေခဲတောင်တောရိုင်း တိရစ္ဆာန်များ၊ ဌာနေငှက်များ၊ ရေခဲငါးများ၊ ဆေးဖက်ဝင် အပင်နှင့်ဥများ၊ သစ်ခွမျိုးစုံ နှင့်  ခရီးတစ်ထောက် ဝင်ရောက်နားခိုလေ့ရှိသည့် ဆောင်းခိုငှက်တို့ဖြင့် ဇီဝမျိုးစုံ မျိုးကွဲများရှင်သန်လျက်ရှိရာ အာဆီယံနိုင်ငံများအကြား၌ ဂေဟစနစ်တွင် အရေးပါသော ရေခဲတောင် ဒေသအဖြစ် ထင်ရှားလျက်ရှိသည်။ ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်သည် အိန္ဒိယနိုင်ငံ ရေခဲဖုံးလွှမ်းရာ ဒေသနှင့်လည်းကောင်း၊ ခါကာဘိုရာဇီ အမျိုးသားဥယျဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေခဲဖုံးလွှမ်း ရာဒေသနှင့်လည်းကောင်း ထိစပ်လျက် ရှိပြီး ထိုဒေသနှစ်ခုမှ တောရိုင်းတိရစ္ဆာန် မျိုးစိတ်များ မှီတင်းနေထိုင်ရာ ဥယျာဉ် ကြီးများအဖြစ်တည်ရှိလျက်ရှိသည်။

ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်သည် ဖုန်ကန်ရာဇီအမျိုးသားဥယျာဉ်ထက် မြင့်မားပြီး ဖုန်ကန်ရာဇီ ရေခဲတောင်များသို့ ခရီးသွားများနှစ်စဉ်ဝင်ရောက်၍ သဘာဝခရီးသွား ဒေသတစ်ခုအဖြစ် တောင်တက် အပန်းဖြေ ခရီးသွားလုပ်ငန်း ပွင့်လန်းလျက်ရှိသည်။ ခါကာဘိုရာဇီရေခဲတောင်ဒေသသည် တောင်များမြင့်မား၍ ခရီး လမ်းကြမ်းသည့်အပြင် သွားလာရေး ခက်ခဲသောကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ပိုမိုရှင်သန်လျက်ရှိသည်။ ဖက်ချေ (Leaf Deer or Leaf Muntjac) ကို ဖက်ဂျီဟုလည်းကောင်း၊ ပူတာအိုချေဟုလည်းကောင်း ခေါ်ဆိုလေ့ရှိပြီး ကြောင်တစ်ကောင် အရွယ်အစားခန့်သာရှိသည့် ချေမျိုးစိတ်အငယ်စားဖြစ်ကာ သိပ္ပံအမည် အဖြစ် မန်တီးယားကပ်စ် ပူတာအိုအင်းဆက်စ် (Muntiacus putaoensis) ဟု ခေါ်ဆိုသည်။ ဖုန်ကန်ရာဇီအမျိုးသား ဥယျာဉ်ဧရိယာတွင် ရှားပါးမျိုးစိတ်စာရင်း ဝင်ဖြစ်သော ကတိုးချေနို့တိုက်သတ္တဝါ များလည်း ရှင်သန်ကျက်စားလျက်ရှိပြီး အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘူတန်နှင့် ရေခဲတောင်ဒေသတို့တွင် ကျက်စားလျက်ရှိသည်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဧရိယာ၌ ကမ္ဘာတွင် မြန်မာ တစ်နိုင်ငံတည်း၌ ရှင်သန်ကျက်စားလျက်ရှိသည့် ဖက်ချေနို့တိုက်သတ္တဝါအား ၁၉၉၇ ခုနှစ်တွင် ဇီဝပညာရှင်တစ်ဦးက နောင်မွန်မြို့နယ်တွင် စတင်တွေ့ရှိခဲ့ရာမှ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်း ရေးနယ်မြေများ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ၊ အမျိုးသားဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်စုစုပေါင်း ၅၉ ခုရှိပြီး အာဆီယံအမွေအနှစ်စာရင်းဝင် ရှစ်ခုရှိသည်။ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် ခါကာဘိုရာဇီဘေးမဲ့တောသည် အာဆီယံအမွေအနှစ် စာရင်းဝင်ဖြစ်ရာ ကမ္ဘာ့ရှားပါး တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားရာ သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် ရှင်သန်လျက်ရှိ၍ ကမ္ဘာတွင် မြန်မာပြည်မြောက်ဖျား နောင်မွန်ဒေသ၌ ချေမျိုးစိတ်ထက် အရွယ်အစား သေးငယ်သော ဖက်ချေ(Leaf Deer or Leaf Muntjac) မျိုးစိတ်သစ် ရှင်သန်တည်ရှိမှုသည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရှားပါး တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားရာ နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်တင့်လျက်ရှိသည်။

 

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - ခါကာဘိုရာဇီအမျိုးသားဥယျာဉ်