မိုဂါဒစ်ရှူး၊ ဖေဖော်ဝါရီ ၂၆
ဆိုမာလီယာနိုင်ငံ၌ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပွားလာခြင်းနှင့်အတူ ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၉၄၃ ဦးနှင့် သေဆုံးသူ ၂၆ ဦး ရှိလာကြောင်း ဆိုမာလီယာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆိုမာလီယာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီကတည်းက ဆိုမာလီယာနိုင်ငံရှိ ခရိုင်အများအပြားတွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှုအပေါ်သိသိသာသာ သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ ဆိုမာလီယာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ကာလဝမ်းရောဂါသည် သန့်ရှင်းသော သောက်သုံးရေများ လုံလောက်စွာမရရှိခြင်းကြောင့် ဖြစ်ကြောင်း ဆိုမာလီယာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ဆိုမာလီယာနိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုအပြင် လူပေါင်း ၂ ဒသမ ၅ သန်းကျော်အား ထိခိုက်စေသည့် အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်သည့် ရေလွှမ်းမိုးမှုများ ကြုံတွေ့ခဲ့ရပြီး လူပေါင်း ၁ ဒသမ ၂ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ လူ ၁၁၈ ဦး သေဆုံးခဲ့ ကြောင်း ကုလသမဂ္ဂက ဆိုသည်။ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့်ဖြစ်ပေါ်သည့် ရေကြီးမှုဖြစ်စဉ်သည် ဆိုမာလီယာနိုင်ငံအား သိသိသာသာ ထိခိုက်ခဲ့ရပြီး ပြည်သူအများစုသည်လည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။
ဆိုမာလီယာနိုင်ငံသည် ၂၀၂၂ ခုနှစ်မှစတင်၍ ကာလဝမ်းရောဂါ ဖြစ်ပွားမှုများ မြင့်တက်ခဲ့ခြင်းဖြစ် ပြီး ၂၀၁၇ ခုနှစ်တွင် မိုးခေါင်ရေရှားမှုများဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဘာနာဒီယာဒေသတွင် ကာလဝမ်း ရောဂါဖြစ်ပွားမှု မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။ ၂၀၂၃ ခုနှစ်တွင် ဆိုမာလီယာနိုင်ငံ၌ ကာလဝမ်းရောဖြစ်ပွားသူ ၁၈၃၀၄ ဦးကျော်နှင့် သေဆုံးသူ ၄၆ ဦးရှိခဲ့ပြီး ရောဂါဖြစ်ပွားသူများထဲတွင် အသက် ငါးနှစ်အောက် ကလေးငယ် ၁၀၀၀၀ ကျော် ပါဝင်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်