သီဟစည်သူ

 

အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (မြန်မာ)မှ သုတေသနပညာရှင်များသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ နေရာခြောက်ခုနှင့် ရှမ်းပြည်နယ်ရှိ နေရာသုံးခုတို့၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် မတ်လအတွင်း ကွင်းဆင်းလေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ စကိုင်းဝေါ့ကာ မျောက်လွှဲကျော် အုပ်စုသစ် ၄၄ စု ကျက်စားလျက်ရှိသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

မျိုးသုဉ်းအန္တရာယ်ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည့် စကိုင်းဝေါ့ကာ မျောက်လွှဲကျော်မျိုးစိတ် Skywalker gibbons (သိပ္ပံအမည် - Hoolock tian-xing)ကောင်ရေ ၁၅၀ ခန့်ကို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က ပထမဆုံးအကြိမ် တွေ့ရှိ မှတ်တမ်းတင်ခဲ့ပြီးနောက် ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံအတွင်းရှိ ကချင်ပြည်နယ်အတွင်း အင်မိုင်ခနှင့် ဧရာဝတီမြစ်အနောက်ဘက်ကြား၊ သံလွင်မြစ် အရှေ့ဘက်ခြမ်းအကြားတွင် အဆိုပါ စကိုင်းဝေါ့ကာ မျောက်လွှဲကျော်များ ကျက်စားနေထိုင်နိုင်ကြောင်း ယခင်ကတည်းက ပညာရှင်များက လက်ခံယူဆခဲ့ကြသည်။ ယခုအခါ ၎င်းတို့တည်ရှိနေကြောင်းကို မှတ်တမ်းတင်နိုင်ရန်အတွက် ကွင်းဆင်းလေ့လာရေးအဖွဲ့အနေဖြင့် ခေတ်မီဆန်းသစ်သော ထိန်းသိမ်းစောင့်ရှောက်ရေး နည်းပညာများဖြစ်သည့် အသံပိုင်းဆိုင်ရာ စောင့်ကြည့်ခြင်းဖြင့် မျောက်လွှဲကျော်အုပ်စုများကို ခွဲခြားသတ်မှတ်သည့် နည်းလမ်းနှင့် ၎င်းတို့စားသောက်သည့် အသီးအနှံနှင့် အပင်များတွင် ကြွင်းကျန်သည့် DNA နမူနာများကိုရယူ၍ မျိုးရိုးဗီဇခွဲခြမ်း စိတ်ဖြာနည်းစနစ်အရ ၎င်းတို့ကျက်စား နေကြောင်း အထောက်အထား ခိုင်ခိုင်မာမာဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတကာပရိုင်းမိတ် သုတေသနဂျာနယ်တွင် ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ဖော်ပြထားသည်။

 

mdn

 

“ဒါဟာ မြန်မာ့မျောက်ဝံမျိုးစိတ်တွေ ထိန်းသိမ်းစောင့်ရှောက်ရေး အနာဂတ်အတွက် သိသာထင်ရှားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုပါ။ ယခုအခါ မြန်မာ့သစ်တောတွေထဲမှာ စကိုင်းဝေါ့ကာမျောက်လွှဲကျော်အုပ်စုတွေ ထပ်မံတွေ့ရှိလာရပေမယ့် သူတို့ရဲ့နေရင်းဒေသတွေ ပျက်စီးဆုံးရှုံးတာနဲ့ တရားမဝင်အမဲလိုက်သတ်ဖြတ် တာတွေကြောင့် ကောင်ရေအလျင်အမြန် ကျဆင်းလာမှာကိုတော့ စိုးရိမ်နေရပါသေးတယ်၊ လေ့လာတွေ့ရှိတဲ့ အချက်အလက်တွေအရ မျောက်လွှဲကျော်တွေ နေထိုင်တဲ့ဒေသတွေမှာ ပိုမိုကောင်းမွန်တဲ့ အကာအကွယ်တွေ ထူထောင်နိုင်ဖို့၊ တောရိုင်းတိရစ္ဆာန်တွေ၊ သစ်ပင်ပန်းမန် မျိုးစိတ်တွေနဲ့ သစ်တောတွေကို မှီခိုနေရတဲ့ ရပ်ရွာဒေသတွေကို ပိုမိုကောင်းမွန်စွာ အကာအကွယ်ပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါ တယ်’’ဟု အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI) ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာနှင့် လေ့လာရေးခရီးဦးဆောင်သူ ဦးငွေလွင်က ပြောသည်။

အဆိုပါ မျောက်လွှဲကျော်မျိုးစိတ်များ၏ အကောင်အရေအတွက် အတိအကျကို မသိရှိရသေးသော်လည်း စကိုင်း ဝေါ့ကာမျောက်လွှဲကျော်များကို အရှေ့ဘက် မျက်ခုံးဖြူ မျောက်လွှဲကျော်များ ကျက်စားရာနေရာများတွင် ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ စကိုင်းဝေါ့ကာ မျောက်လွှဲကျော်မျိုးစိတ်နှင့် အရှေ့ဘက် မျောက်လွှဲကျော် မျိုးစိတ်များ၏ အဓိကပုံသဏ္ဌာန်ကွဲပြားချက်များမှာ ပါးလွှာသော မျက်ခုံး၊ အညို(သို့မဟုတ်) အနက် ရောင်မုတ်ဆိတ်များ  ပါရှိခြင်းနှင့် တစ်ဝက်တစ်ပျက် အဖြူရောင်မျက်နှာကွင်းများ ပါရှိခြင်းဖြစ်သည်။ ကောင်ရေ ခန့်မှန်းချက်အရ ယခုတွေ့ရှိထားသော ဧရိယာတွင် စကိုင်းဝေါ့ကာမျောက်လွှဲကျော် မျိုးစိတ်တွေ့ရှိမှု အရေအတွက် အများဆုံးလည်းဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။ လက်ရှိ၌ မြန်မာနိုင်ငံအတွင်းရှိ စကိုင်းဝေါ့ကာမျောက်လွှဲကျော်များ ကျက်စားရာနေရာအများစုသည် သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ပြင်ပတွင်ရှိနေသည့်အတွက်ကြောင့် IUCN Red List တွင် မျိုးသုဉ်းရန်အန္တရာယ် ခြိမ်းခြောက်မှုခံနေရဆဲ မျိုးစိတ်အဆင့်တွင် ဆက်လက်ပါဝင်နေဦးမည်ဖြစ်သည်။

သုတေသနအဖွဲ့အနေဖြင့် မျောက်လွှဲကျော်များ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍လည်း ဒေသန္တရဗဟုသုတများကို စုဆောင်းနိုင်ရန်အတွက် ကျေးရွာ ၁၂ ရွာ တွင် ခြိမ်းခြောက်မှု အကဲဖြတ်ခြင်းဆိုင်ရာ စစ်တမ်းများကိုလည်း ပြုလုပ်နိုင်ခဲ့သည်။

 

mdn

 

မျောက်လွှဲကျော် မျိုးစိတ်များသည် သစ်သီးသစ်ဥများ၊ သစ်ရွက်နုများ၊ အင်းဆက်ပိုးကောင်များကို စားသောက် ကြသည့် အစုံစားသတ္တဝါဖြစ်ပြီး ၎င်းတို့ပြန်လည်စွန့်ထုတ်လိုက်သည့် အညစ်အကြေးတွင်ပါဝင်သည့် အသီးစေ့များသည် သစ်တောများ ပြန်လည်ရှင်သန်ရေး၊ အပင်မျိုးစိတ်များ ပြန့်ပွားရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် အမြဲစိမ်းသစ်တောများထိန်းသိမ်း ရေးအတွက် အရေးပါလှသည့် ဥယျာဉ်မှူး များဟုပင် တင်စားခေါ်ဆိုနိုင်သည်။

ကမ္ဘာပေါ်တွင် လူဝံ(Apes)အုပ်စုဝင် များဖြစ်သည့် မျောက်လွှဲကျော် မျိုးစိတ် ပေါင်း ၂၀ ရှိပြီး မြန်မာနိုင်ငံတွင် အနောက်ပိုင်း မျက်ခုံးဖြူမျောက်လွှဲကျော်၊ အရှေ့ပိုင်း မျက်ခုံးဖြူမျောက်လွှဲကျော်၊ စကိုင်း ဝေါ့ကာ မျောက်လွှဲကျော်နှင့် မျောက်လွှဲကျော် လက်ဖြူမျိုးစိတ်လေးမျိုးတွေ့ရှိထားကြောင်း သိရသည်။ အနောက်ပိုင်း မျက်ခုံးဖြူ မျောက်လွှဲကျော်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ အရှေ့ပိုင်းမျက်ခုံးဖြူ မျောက်လွှဲကျော်များကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်းကောင်း၊ မျောက်လွှဲကျော် လက်ဖြူများကို ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လည်းကောင်း၊ စကိုင်းဝေါ့ကာ မျောက်လွှဲကျော်များကို ကချင်ပြည်နယ်၌ လည်းကောင်း မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း သိရသည်။

တောတွင်းသီချင်းဆိုသူများ (Forest Singer) ဖြစ်ကြသော ၎င်းမျောက်မျိုးစိတ်များသည် နေထိုင်ရာ သစ်တောများ လျော့နည်းလာခြင်း (Habitat loss) နှင့် သစ်တောများ အစိတ်စိတ်ကွဲပြားလာ ခြင်း (Habitat fragmentation)၊ တရားမဝင် ဖမ်းဆီးရောင်းချခံရခြင်း၊ အမဲလိုက်ခံရခြင်းနှင့် မြို့ပြများဖွံ့ဖြိုးလာခြင်း တိုသည် လက်ရှိ အဓိကကြုံတွေ့နေသည့် ပြဿနာများဖြစ်သည်။ သဘာဝ သစ်တောများနှင့် ဂေဟစနစ်ကို ထိန်းသိမ်းခြင်းအတွက် လွန်စွာအရေးပါလှသည့် မျောက်လွှဲကျော်မျိုးစိတ် ထိန်းသိမ်းကာကွယ်ရေး  ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်ရန်နှင့် ထိန်းသိမ်းရေးအသိပညာများ မြှင့်တင်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်စဉ်အောက်တိုဘာလ ၂၄ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မျောက်လွှဲကျော်များ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ကျင်းပလေ့ရှိသည်။

မြန်မာနိုင်ငံ၏ လက်ရှိထိန်းသိမ်းရေးနယ်မြေစနစ်တွင် စကိုင်းဝေါ့ကာ မျောက်လွှဲကျော်များအတွက် သင့်လျော်သော နေထိုင်ရာနေရာဒေသ လေးရာခိုင်နှုန်းခန့်သာ ပါဝင်နေသည့်အတွက် အစိုးရဌာနဆိုင်ရာများ၊ ရပ်ရွာလူမှုအဖွဲ့ အစည်းများနှင့် ဒေသတိုင်းရင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မျိုးစိတ်များ ရေရှည်တည်တံ့မှုရှိစေရေး ထိန်းသိမ်းကာကွယ်မှုမြှင့်တင်ကြရန် လေ့လာရေးအဖွဲ့တွင် ပါဝင်သည့် ပညာရှင်များက အကြံပြုထားသည်။

 

ကိုးကား -

(၁)     A new hope – Previously un-known Skywalker gibbon populations found in Myanmar By Fauna and Flora

(၂)     Love songs lead scientists to new populations of Skywalker gibbons found in Myanmar