ခါတွန်၊ ဖေဖော်ဝါရီ ၂၅

ဆူဒန်နိုင်ငံရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကို ဆူဒန်အာဏာပိုင်များက အဟန့်အတား ပြုလုပ်နေသည်ဟူသော အမေရိကန် နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်ကို ဆူဒန်နိုင်ငံက ဖေဖော်ဝါရီ ၂၃ ရက်တွင် ရှုတ်ချခဲ့သည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အရပ်သားများအတွက်  လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဆူဒန်တပ်ဖွဲ့နှင့် ဆူဒန်အစိုးရတို့အပေါ် အမေရိကန်၏ စွပ်စွဲချက်များမှာ မှားယွင်းသည့် စွပ်စွဲချက်များဖြစ်သည်ဟု ဆူဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ခဲ့သည်။

အမေရိကန်၏ ထုတ်ပြန်ချက်တွင် Rapid Support Forces (RSF) နှင့်ပတ်သက်၍မူ ရှင်းလင်း ပြတ်သားစွာ တုံ့ပြန်မှုမျိုးကို ရှောင်ရှားထားကြောင်းတွေ့ရသည်ဟု ဆူဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ပြန်သည်။ ဆူဒန်နိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးမှုတွင် အဟန့်အတားဖြစ်နေသည်ဟု ဖေဖော်ဝါရီ ၂၂ ရက်တွင် အမေရိကန် ပြည်ထောင်စုက ရှုတ်ချခဲ့သည်။

ဆူဒန်တပ်ဖွဲ့နှင့် RSF အဖွဲ့တို့သည် ဆူဒန်နိုင်ငံရှိ အခြားသော ဒေသအများအပြားသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့်ကို ချက်ချင်းခွင့်ပြုပေးသင့်သည်ဟု အမေရိကန်က တောင်းဆိုခဲ့သည်။ RSF အဖွဲ့ ထိန်းချုပ်ထားသည့် ဒေသများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရောက်ရှိမည်ကို ဆူဒန်တပ်ဖွဲ့က အတားအဆီးများ ပြုလုပ်နေသည်ဟူသော သတင်းပို့မှုများအတွက် စိုးရိမ်မိကြောင်းနှင့် ချဒ်နိုင်ငံဘက်မှ ဝင်ရောက်လာမည့် အကူအညီများကို နယ်စပ်ဖြတ်ကျော်ရာတွင် တားဆီးမိန့် လတ်တလော ထုတ်ပြန်ထားသည့်အတွက်လည်း စိုးရိမ်မိကြောင်း အမေရိကန်က ပြောသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်မှစတင်ကာ ဆူဒန်တပ်ဖွဲ့နှင့် RSF အဖွဲ့တို့ကြား ကြောက်မက်ဖွယ် တိုက်ပွဲများ  စတင်ပေါ်ပေါက်ခဲ့သည်။ တိုက်ပွဲများ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ လူပေါင်း ၁၃၀၀၀ ကျော် အသတ်ခံခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ  ညှိနှိုင်းရေးမှူးရုံး၏ ခန့်မှန်းချက်များအရ သိရသည်။

ဆင်ဟွာ