နှင်းမိုးအိမ်

 

လက်ဘနွန်နိုင်ငံ တောင်ပိုင်းနယ်စပ်မှာရှိတဲ့ ကျေးရွာတွေနဲ့မြို့တွေမှာ ရေပြတ်လပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။ သောက်သုံးရေအတွက် အဓိကမှီခိုအားထားနေရတဲ့ သောက်သုံးရေစီမံကိန်းတွေဟာ အစ္စရေးတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားတဲ့နောက်မှာ တောင်ပိုင်းနယ်စပ်မှာရှိတဲ့ ပြည်သူတွေ အတွက် သောက်သုံးရေအခက်အခဲပြဿနာနဲ့ လုံးပန်းလာရပါတော့တယ်လို့ ဒေသခံတစ်ဦးက ဆင်ဟွာကို ပြောပြပါတယ်။

 

ပျက်စီးခဲ့ရ

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က စတင်ပြီး လက်ဘနွန်နယ်စပ်မှာရှိတဲ့ သောက်သုံးရေစီမံကိန်းတွေကို အစ္စရေးက ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးတိုက်ခိုက်ခဲ့တာကတော့ ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့ကပဲ ဖြစ်ပါတယ်။ တောင်ပိုင်းမှာ အကြီးဆုံး မြစ်ရေတင်ရေးစီမံကိန်းဖြစ်တဲ့ ဝဇ်ဇနီစမ်းချောင်း စီမံကိန်းဟာလည်း ဒီတိုက်ခိုက်မှုတွေကြားထဲမှာပဲ ပျက်စီးခဲ့ရပါတယ်။ ဟတ်စ်ဘာနီမြစ်အတွင်းသို့ စီးဝင်တဲ့ ဝဇ်ဇနီ စမ်းရေကို စုပ်ယူခွင့်နဲ့ပတ်သက်ပြီး  အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံတို့ကြား ပြဿနာဖြစ်ခဲ့တာကလည်း ၂၀၀၂ ခုနှစ် ကတည်းကပါပဲ။

 

ရေပေးဝေမှုရပ်နားထားရ

 

အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရေအားလျှပ်စစ်စီမံကိန်း၊ ရေစုပ်ယူခြင်းစီမံကိန်းနဲ့ ရေဖြန့်ဖြူးရေး ကွန်ရက်တို့ကို ပျက်စီးစေခဲ့ပြီး နယ်စပ်ဒေသမှာရှိတဲ့ ကျေးရွာနဲ့ မြို့ပေါင်းများစွာကို ရေပေးဝေမှုတွေ ရပ်နားထားရတယ်လို့ ဝဇ်ဇနီမြို့တော်ဝန် အာမက်အယ် မိုဟာမက် က ဆင်ဟွာကို ပြောပါတယ်။ ရေပေးဝေရေး စက်ရုံအနီး အတားအဆီးတွေကို အစ္စရေးဘက်မှ ချထားတဲ့အတွက် ဝန်ထမ်းတွေဟာ ဘယ်နေရာမှာ ပျက်စီးနေတယ်ဆိုတာ သိရှိပြင်ဆင်နိုင်ဖို့ အခက်တွေ့နေရပါတယ်။

ဒီမြစ်ရေတင်ရေး စီမံကိန်းကနေ တစ်နေ့မှာ ရေကုဗမီတာ ၁၂၀၀၀ အထိ စုပ်ယူနိုင်ပြီး ကျေးရွာနဲ့မြို့နယ်ပေါင်း ၇၀ အထိ ရေပေးဝေထောက်ပံ့ ပေးနိုင်ပါတယ်လို့ မြူနီစီပယ်အသင်းချုပ်ဥက္ကဋ္ဌဟောင်းဖြစ်သူ အလီအယ်-ဇီအင်က ပြောပါတယ်။

 

ရေရှားပါးမှုဖြစ်နေ

 

အလီအယ်-ဇီအင်ကတော့ ဝဇ်ဇနီ ရေပေးဝေရေးစီမံကိန်းကို ဖွင့်ပွဲမတိုင်မီ တည်ဆောက်ဆဲကာလကတည်းက တာဝန်ယူဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုလို ထိခိုက်ပျက်စီးမှုတွေကြောင့် နယ်စပ်ဒေသမှာ သောက်သုံးရေ ရှားပါးမှုကိုဖြစ်စေတယ်လို့ သူက ဆက်ပြောပါတယ်။ အန္တရာယ်ရှိတဲ့စစ်ရေး အခြေအနေကြောင့် အခြေအနေတွေဟာပိုပြီးဆိုးရွားလာပါတယ်။  တောင်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံတွေအတွက် မြစ်ရေနဲ့ စိမ့်စမ်းရေ ရရှိမှုမှာ အဟန့်အတားတွေ ဖြစ်လာပါတယ်။

 

ရေပြဿနာစိုးရိမ်ရ

 

ရေစုပ်ယူရေးစီမံကိန်းရဲ့ အပျက်အစီး တွေကိုပြုပြင်ဖို့ရာ အစ္စရေးတပ်ဖွဲ့က ဆက်လက်ဟန့်တားနေခဲ့မယ်ဆိုရင် ရေပြဿနာ ပိုပြီးကြီးထွားလာမှာကို စိုးရိမ်ရတယ်လို့ အယ်-ဇီအင်က သူ့ရဲ့စိုးရိမ်ပူပန်မှုကို ပြောပြပါတယ်။ နောက်ပြီးပျက်စီးမှုတွေအတွက် အစားထိုးလဲလှယ်ရာမှာလည်း ကုန်ကျစရိတ်ကြီးမြင့်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။သောက်သုံးရေ ပြတ်လပ်လာတဲ့အတွက် နယ်စပ်မှာနေထိုင်တဲ့ ပြည်သူတွေဟာ မိုးရေကို စုဆောင်းမှုတွေ လုပ်ဆောင်လာရပါတယ်။

 

အသက်စွန့်ပြီးကြိုးစားလာကြ

 

ခေါင်မိုးပေါ်ကနေ ပိုက်တွေနဲ့ သွယ်တန်းပြီး မိုးရေကို စည်ပိုင်းထဲ ထည့်ကာစုဆောင်းလာပါတယ်။ လူအများ စုကတော့ အများပိုင်ရေတွင်းနေကနေ ရေသုံးစွဲဖို့ ကြိုးစားကြပါတယ်။ အချို့ ကတော့ ရေအတွက် အသက်စွန့်ပြီး စမ်းချောင်းကနေ ရေရယူဖို့ကြိုးပမ်းလာ ကြပါတယ်။

 

အရှိန်ကောင်းလာ

 

လက်ဘနွန်တောင်ပိုင်း နယ်စပ်မှာရှိ တဲ့လူဦးရေဟာဆိုရင် ခန့်မှန်းခြေအားဖြင့် ၁၃၃၆၀၀ ခန့်ရှိပြီး ကျေးရွာနဲ့ မြို့နယ်ပေါင်း ၈၃ ခုမှာ ဖြန့်ကြက် နေထိုင်ကြတယ်လို့ လက်ဘနွန်ပြည်ထဲ ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ကစပြီး လက်ဘနွန်နဲ့ အစ္စရေးတို့ကြား တင်းမာမှု တွေ အရှိန်အားကောင်းလာခဲ့ပါတယ်။

အစ္စရေးနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဟားမားစ် အုပ်စုဘက်ကနေ ချစ်ကြည်ညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာအုပ်စုဟာ အစ္စရေးဘက်ကို ပစ်မှတ်ထားပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တင်းမာမှုတွေဟာ ပိုပြီးအရှိန် ကောင်းလာပါတယ်။

 

အခြေအနေကို ပိုမိုဆိုးရွားစေ

 

ဟစ်ဇ်ဘိုလာတွေကို ပြန်လည်လက်တုံ့ပြန်တဲ့အနေနဲ့ လက်ဘနွန်အရှေ့တောင်ပိုင်းကို  အမြောက်များ တပ်ဖြန့် ချထားခဲ့ပါတယ်။ အစ္စရေးတို့ ဂါဇာမှာ စစ်ပွဲမဖြစ်မီအချိန်ကတည်းက လက်ဘနွန်ဟာ  စီးပွားရေးအကျပ် အတည်းကြားထဲမှာ ကျရောက်နေခဲ့တာပါ။

၂၀၁၉ ခုနှစ်ကစလို့ တိုင်းပြည်ရဲ့ ဂျီဒီပီဟာ ၅၀ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုကြားထဲ ကျရောက်နေပါတယ်။ အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံ တောင်ပိုင်းနယ်စပ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ အုပ်စုတို့ကြား ပဋိပက္ခတွေကြောင့် အခြေအနေကို ပိုပြီးဆိုးရွားစေခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ အုပ်စုတို့ကြား ပဋိပက္ခတွေ အရှိန်ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေဟာ မတူတော့ပါဘူး။ အဲဒီအချိန်တုန်းက လက်ဘနွန်ရဲ့ စီးပွားရေးအခြေအနေဟာ တောင့်တင်းခဲ့ပါတယ်။ အခုလို စီးပွားရေး အကျပ်အတည်းကြား ကျရောက်နေတဲ့ အချိန်လိုမျိုး မဟုတ်ပါဘူး။

လက်ဘနွန်နိုင်ငံ တောင်ပိုင်းက ဒေသခံများနေထိုင်တဲ့ အဆောက်အအုံတစ်ခုကို အစ္စရေးတို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့်လည်း ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား နှစ်ဦး သေဆုံးခဲ့ပါတယ်။

 

အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်

 

 ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် ကစလို့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအုပ်စုတို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေ နေ့စဉ်နဲ့အမျှ ဆိုသလို ဖြစ်ပေါ်နေပါ တယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လကစပြီး လက်ဘနွန်ဘက်က လူပေါင်း ၂၇၃ ဦးသေဆုံးခဲ့ပြီး အဲဒီထဲက အများစုကတော့ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေး သမားများပါပဲ။ ဒါပေမယ့်လည်း သေဆုံးသူတွေ ထဲမှာ အရပ်သား ၄၂ ဦး ပါဝင်ပါတယ်။ အစ္စရေးဘက်ကတော့ တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အစ္စရေးနဲ့လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ အုပ်စုတို့ကြားပဋိပက္ခတွေကြောင့် လတ်တလောမှာ ရေမရရှိနိုင်ဘဲ ရေရှားပါးမှုဒဏ်ကို ခံစားနေရတာကတော့ တောင်ပိုင်းနယ်စပ်ဒေသက ပြည်သူတွေပဲ ဖြစ်ပါတယ်။

ကိုးကား-ဆင်ဟွာ