လှိုင်းဘွဲ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို လှိုင်းဘွဲမြို့၊ (က)ရပ်ကွက် ပြည်သူ့ပန်းခြံရှေ့တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲတွင် ကော့လှိုင်းကျေးရွာ ဆရာတော် ဦးဇောတိက က တိုင်းပြည်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိမှသာ တိုင်းပြည်၏ အမျိုး၊ ဘာသာ၊ သာသနာတော်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထာဝစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း သြဝါဒစကား မိန့်ကြားတော်မူသည်။ ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ တပ်ခွဲတပ်ကြပ်ကြီး (အငြိမ်းစား) ဦးလင်းခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဆွေးနွေးဟောပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကော့လှိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောအောင်ကျော်မိုး က ထောက်ခံဆွေးနွေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများက “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာကိုသင်ကြစို့”၊ “တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး စစ်ပညာတတ်မြောက်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံပါသည်”၊ “ဒို့တာဝန်အရေး(၃)ပါး တည်တံ့ခိုင်မြဲဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံကြပါစို့” စသည့် ကြွေးကြော်သံ ပိုစတာဗွီနိုင်များ ကိုင်ဆောင်ကြ၍ “ပြည်ထောင်စု မပြိုကွဲရေး (ဒို့အရေး)”၊ “တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး (ဒို့အရေး)”၊ “အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (ဒို့အရေး)”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေကို (ထောက်ခံပါသည်)” ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြသည်။
အဆိုပါ ထောက်ခံပွဲသို့ လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ ပြည်သူအင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)