နေပြည်တော် ဖေဖော်ဝါရီ ၂၆
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာ ရုံးများတွင် အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်း တို့၏ခံစားခွင့်များ၊ "ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ"၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင် စသည့်အချက်များကို ထည့်သွင်းဖော်ပြထားသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြသည်။
မျိုးသီဟ(ပြန်/ဆက်)