နေပြည်တော် ဖေဖော်ဝါရီ ၂၆

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေး ကျွန်းစခန်းအတွင်း မုတ်ကောင်များ သားဖောက်မွေးမြူနေမှုနှင့် မုတ်ကောင်များအတွင်း ဝတ်ဆံထည့်သွင်းနေမှု လုပ်ငန်းအဆင့်ဆင့်၊ ဝတ်ဆံသွင်းမုတ်ကောင်များ ထိန်းသိမ်းထားမှု၊ မုတ်ကောင်များအတွင်းမှ ပုလဲထုတ်ယူမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဌာန၏ နှစ်အလိုက် လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်အတွင်း တည်ရှိသော လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားမှု အခြေအနေများနှင့် အဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဘိချောင်းကမ်းဘေးတစ်လျှောက် သဲသောင်ခုံတော၊ အပူပိုင်းအမြဲစိမ်းမိုးသစ်တောနှင့် ဒီရေတော စသည့် မတူညီသော တောအမျိုးအစား သုံးမျိုး တစ်နေရာတည်းတွင် ပေါက်ရောက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အလား အလာရှိသော နေရာများတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်များ ထပ်မံတည်ထောင်သွားရန်၊ မတူညီသော ‌‌‌ဂေဟစနစ်အမျိုးမျိုးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးပျောက်ကွယ်မှုမရှိအောင် ကာကွယ်စောင့်ရှောက်ရန်နှင့် တည်ရှိနေသော တောတောင်သဘာဝ အလှအပများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်၊ လန်ပိကျွန်းရှိ မကြုံဂလက် ဆလုံတိုင်းရင်းသားကျေးရွာသို့ သွားရောက်၍ ဒေသခံ ဆလုံတိုင်းရင်းသားများနှင့် တွေ့ဆုံပြီး လန်ပိကျွန်းနှင့် ပတ်ဝန်းကျင်ဒေသသည် ဒေသခံ ဆလုံတိုင်းရင်းသားများ၏ လူနေမှုနှင့် ယဉ်ကျေးမှုဓလေ့များ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ သဘာဝ တောတောင်များ ဖြင့်သာယာ လှပသော နေရာတစ်ခုဖြစ်၍ သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် အရေးပါသော နေရာတစ်ခု ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်ပြီး ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကြုံဂလက်ကျေးရွာနှင့် ကိုဖော့ကျေးရွာရှိ ဆလုံတိုင်းရင်းသား အိမ်ထောင်စုများနှင့် ကျောင်းသား ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် စာသင်ကြားမှု အထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်၊ ရွှေကျွန်းရှိ ဘဲပါးလ် မြန်မာကုမ္ပဏီသို့ သွားရောက်၍ မုတ်ကောင်သားဖောက်မွေးမြူမှုနှင့် ဝတ်ဆံသွင်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်၊ စိန့်လုခ်ကျွန်းရှိ အန်ဒါမန်ပါးလ်ကုမ္ပဏီသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားကာ ပင်လယ်ပြင်တွင် လောင်းလိုင်းများဖြင့် မုတ်ကောင်များ မွေးမြူထားမှုအ‌ခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်