နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးနှင့် တာဝန်ရှိ သူများက ခရိုင်အတွင်း နယ်မြေဒေသအခြေအနေ၊ မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် စာရင်းများ စိစစ်အတည်ပြု ဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်နှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဲစာရင်းမှန်ကန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် အချက်အလက်များ မှန်ကန်ရေးအတွက်‌ ဆောင်ရွက်နေမှု၊ မဲပေးပိုင်ခွင့် ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးမှုနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူရေး လုပ်ငန်းဆောင်ရွက်နေမှုတို့သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်ပြီး ဒေသအာဏာပိုင်များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးနိုင်ရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများသို့သွားရောက်၍ ရုံးခန်းများ၊ ရုံးစာရွက် စာတမ်းများ၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေ၊ ဝန်ထမ်းများက ခရိုင်အတွင်းရှိ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ၊ နိုင်- မှတ်တမ်း နှင့် အိမ်ထောင်စုစာရင်းပါ အချက်အလက်များကို နေပြည်တော်ရုံးချုပ်မှ e-ID Sever အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ဖြည့်သွင်းပြင်ဆင် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူတက္ကသိုလ်ရှိ စာသင်ဆောင်များ၌ တောင်ငူ မြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက တောင်ငူတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူခြင်းလုပ်ငန်း တို့ကို One Stop Service ဖြင့်ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုပြီး ပြည်သူများအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် အချက်အလက် ကွဲလွဲမှုများရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြင်ဆင် အတည်ပြုဆောင်ရွက်ပေးရေး မှာကြားကာ လာရောက်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများအား e-ID စနစ်နှင့် ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားတွင် တောင်ငူတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် () ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ထုတ်ပေးခြင်း၊ e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) များ ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်းဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ် မရှိသေးသူနှင့် လဲလှယ်သူ (၆၂) ဦးကို  နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ ( ၁၀၀ ) စုစုပေါင်း ( ၁၆၂  ) ဦးကို e-ID စနစ်ဖြင့် Unique ID နံပါတ်များ ထုတ်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ တောင်ငူခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံပြီး ပြည်သူများကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံ၍ ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်း ဆောင်နိုင်ရေးမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကောလိပ်ခန်းမ၌ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်