နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် MSMEs ထုတ်ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အသိပညာများ ဖြန့်ဝေနိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် အာဆီယံ - ဂျပန်စင်တာ၏ ဘဏ္ဍာနှစ် ၂၀၂၃ အစီအစဉ်အရ National Activities Project ၂၀၂၃ ကို အကောင်အထည်ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ Aureum Palace Hotel & Resort ၌ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ညောင်ဦးခရိုင်ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပုဂံဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) လုပ်ငန်းရှင်များက in person စနစ်ဖြင့် တက်ရောက်ကြပြီး အာဆီယံ - ဂျပန်စင်တာမှ တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက် ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်တွင် အာဆီယံ - ဂျပန်စင်တာ မှ “MSME Development Workshop မှတဆင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မိတ်ဖက်များ တည်ဆောက်ခြင်း”နှင့် “မြန်မာနိုင်ငံရှိ ဧည့်ဝန်ဆောင်မှုဆိုင်ရာ ဝန်ထမ်းငယ်များ၏ အရည်အချင်းများ မြှင့်တင်ခြင်း”တို့နှင့် စပ်လျဉ်းသော စီမံကိန်း (၂) ခုကို ရရှိထားပါကြောင်း၊ ထိုစီမံကိန်းများကိုအစပြု၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လည်အသက်သွင်းနိုင်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs လုပ်ငန်းများအား နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပေးအပ်နိုင်ရန်နှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဆိုင်ရာ အလေ့အကျင့်များကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါကြောင်း။
MSMEs လုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် တက်ကြွစွာပါဝင် ဆွေးနွေးပြီး အတွေ့အကြုံကောင်းများ မျှဝေကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် အာဆီယံ- ဂျပန်စင်တာမှ Programme Director ဖြစ်သူ Mr. Chairat Liengkajornkiet က အမှာစကား ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ဆက်လက်၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် MSMEs လုပ်ငန်းများ၏ အခန်းကဏ္ဍ၊ လုပ်ငန်းစဉ်များ၊ ငွေကြေးနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီး ဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက ရှင်းလင်းဆွေးနွေးကြပြီး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သူများက အဖွဲ့လိုက်ခွဲ၍ ဆွေးနွေးမှုများ ပြုလုပ်ကြသည်။
ထို့နောက်ဒုတိယဝန်ကြီးသည် ပုဂံဟိုတယ်ဇုန် (၄) ရှိ ဟိုတယ်များကို လှည့်လည်ကြည့်ရှုကာ အရည်အသွေးရှိသော ဝန်ဆောင်မှုများ ပေးနိုင်ရေးဆောင်ရွက် ကြရန်မှာကြားခဲ့ပြီး ဟိုတယ်ဇုန် (၄) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည့်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း ယွန်းထည်လုပ်ငန်းနှင့် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်