နေပြည်တော်၊ ဖေဖော်ဝါရီ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပုလင်းရေလှောင်တမံ ဆည်ရေသောက် ဧရိယာအတွင်း တစ်ကွင်းတစ်စပ်တည်း နွေစပါး ဧက (၁၀၀) စံပြကွက်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အဆိုပါ နွေစပါး ဧက (၁၀၀) စံပြကွက်၌ တစ်ဧကလျှင် တင်း (၁၃၀) မှ (၁၅၀) အထိ ထွက်ရှိနိုင်သည့် ဆာဖိုးသာအထွက်ကောင်း စပါးမျိုးကို စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်စနစ် အနေဖြင့် ဧက (၉၀) တွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးမည်ဖြစ်ကာ ဘောင်တင် ပျိုးထောင်စနစ်ဖြင့် (၁၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာအုပ်စုရှိ Good Brothers´ Co.,Ltd က လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မျိုးကောင်းမျိုးသန့် နွားမွေးမြူရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဒေသခံတောင်သူများ၏ ဒေသနွားမျိုးများနှင့် ပြည်ပမှ တင်သွင်းလာသည့် ဘာရာမင်နွားမျိုး နွားသိုးများ မျိုးစပ်၍ ရရှိလာသော နွားမျိုးများအား တောင်သူများကို ဌားရမ်းခြင်း မွေးဘက်ပေးခြင်း ဆောင်ရွက်နေမှုများ၊ နွားစာအတွက် စိုက်ပျိုးထားသော နေဗီယာမြက်စိုက်ကွင်း (၈) ဧက နှင့် နွေရာသီကာလတွင် နွားစာအဖြစ် ကျွေးမွေးနိုင်ရန် မြက်ချဥ်ဖတ် ပြုလုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးကဏ္ဍနှင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲများနှင့် နည်းပညာပေးသင်တန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ်နှင့် ရေနံချောင်းမြို့နယ်များအတွင်း ဘူမိဗေဒ မြေအောက် တိုင်းထွာမှုများအရ ရေထုတ်ယူထုတ်ယူသုံးစွဲနိုင်မှု၊ မိုးကောင်းသောက် ယာမြေများတွင် မြေအောက်ရေတွင်း တူးဖော်ပြီး စိုက်ပျိုးရေပေးဝေနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအား တာဝန်ရှိသူများကို ဖြည့်စွက် မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့၊ ကမ်းနီမြစ်ရေတင် ရေသောက်ဧရိယာတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ အသုံးပြု၍ နွေစပါးစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေအသုံးချသူများအဖွဲ့ဝင် (WUG) တောင်သူများအနေဖြင့် ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် ကောင်းမွန်သည့် စိုက်ပျိုးနည်းစနစ်များကို အခြားတောင်သူများထံ လက်ဆင့်ကမ်း မျှဝေပေးရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့၊ အမှတ် (၈) စက်မှုလယ်ယာစခန်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လယ်ယာဝန်ဆောင်မှုအသင်းများနှင့် တွေ့ဆုံ၍ စက်မှု လယ်ယာဝန်ဆောင်မှု အသင်းများ အားကောင်းစေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်