နေပြည်တော် ဖေဖော်ဝါရီ ၂၆

အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမားဥပဒေ စစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကား ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတက်ရောက်ခဲ့သည့် စစ်ဆေးရေးအရာရှိများအနေဖြင့် စစ်ဆေးရေးသွားရောက်ရာတွင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များ၌ အလုပ်သမားရေးရာ စံနှုန်းများ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စံနှုန်းသတ်မှတ်ချက်များ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေး စည်းကြပ်၍ အလုပ်သမားများကို အကာအကွယ်ပေးရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများကို အသိပညာပေးခြင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ဥပဒေကြောင်းအရ အကြံဉာဏ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ရန်နှင့် မိမိလုပ်ငန်းအပေါ် နိုင်ငံရေးအရဖြစ်စေ၊ ငွေကြေးအရဖြစ်စေ၊ ပြင်ပမှ သြဇာလွှမ်းမိုးမှုများကို မှီခိုနေရမှုမရှိဘဲ ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

mdn

 

ယခုသင်တန်းတက်ရောက်သည့် အရာထမ်းများသည် နောင်တစ်ချိန်တွင် ဌာနကို ဦးဆောင်ရမည့်သူများ ဖြစ်သည့်အတွက် သင်တန်းမှ အလေ့အကျင့်ကောင်း၊ အတွေ့အကြုံ ကောင်းများကို နမူနာယူပြီး ပြန်လည်အသုံးချရန် လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလ အခြေအနေနှင့်အညီ ရှိရင်းဥပဒေများမှ ပြည့်စုံမှုမရှိသေးသော ဥပဒေ၏ ချို့ယွင်းချက်များ၊ ယိုပေါက်များကို အဆင့်ဆင့်သိရှိအောင် လေ့လာရမည့်အပြင် အသစ်ထွက်ရှိလာသော ဥပဒေများကို မိမိတို့အလုပ်သမားဥပဒေများနှင့် ဆက်နွယ်မှုရှိမရှိ မျက်ခြေမပြတ်လေ့လာနေရန် လိုအပ်ကြောင်းမှာကြားသည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများကို ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ထူးချွန်ဆုများနှင့် သင်တန်းတက်ရောက်ပြီးစီးမှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်