နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်နှင့် ပျဉ်းမနားမြို့ သံဃဘေသဇ္ဇဌာနဝိဟာရသံဃာ့ဆေးရုံများ၌ သံဃာတော်များနှင့် သီလရှင်များအား တတိယအကြိမ် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးနေမှု ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်အပါး ၁၂၅၀ ကို အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို သုံးကြိမ်ပြည့် အောင်မြင်စွာ အခမဲ့ထိုးနှံပေးနိုင်ခဲ့သည့် အတွက် Ever Meter Co.,Ltd မှ ကာကွယ်ဆေး အလှူရှင် ဦးမျိုးအောင်မိသားစု၊ သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် အထောက်အကူပြုအဖွဲ့များကို ကျေးဇူးတင်စကား ပြောကြားကြပြီး အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး အလှူရှင် ဦးမျိုးအောင်က စီပိုးတွေ့ရှိသည့် သံဃာတော်များအား စီပိုးရောဂါ ပပျောက်ရေးအတွက် ဆေး ၆ လစာကို ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယနေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ဆေးရုံ၊ တပ်ကုန်း မြို့နယ်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်၊ ပျဉ်းမနားမြို့၊ မဟာဓမ္မိကာရာမ အုန်းတောကျောင်းတိုက်၊ သံဃဘေသဇ္ဇ ဌာန ဝိဟာရသံဃာ့ဆေးရုံနှင့် လယ်ဝေးမြို့နယ်ခုတင် (၁၀၀) ဆေးရုံကြီးတို့တွင် တတိယအကြိမ် အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေး သုံးကြိမ်ပြည့်အခမဲ့ထိုးနှံပေးခဲ့ကြောင်းနှင့် Ever Meter Co.,Ltd မှ နိုင်ငံအတွင်းရှိ သံဃာတော်များနှင့် သီလရှင် အပါးတစ်သိန်းအတွက် အသည်းရောင် အသားဝါဘီပိုး ကာကွယ်¬ဆေးကို ဆက်လက်လှူဒါန်းပြီး ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်