နေပြည်တော်   ဖေဖော်ဝါရီ     ၂၇

 

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ ၁/၂၀၂၄ ကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်() စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန() ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံအမျိုးသားပို့ကုန် မဟာဗျူဟာ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌများ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အမျိုးသားပို့ကုန် မဟာဗျူဟာကို ၂၀၁၃ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ၂၀၁၅-၂၀၁၉ (၅)နှစ်တာကာလအတွက် ကဏ္ဍ(၁၁)ခုကို ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့်အဖြစ် ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ(၁၈)ခုကို ရွေးချယ်အကောင် အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ကဏ္ဍ အလိုက် အသေးစိတ်လုပ်ငန်းစီမံချက်များနှင့် ပင်မလုပ်ငန်းစီမံချက်ကို ရေးဆွဲပြီးဖြစ်၍  စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးတို့ကလည်း အတည်ပြုပြီးဖြစ်ကြောင်း၊ မဟာဗျူဟာအကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီနှင့် အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၂၁ ရက်က ဖွဲ့စည်းပေးပြီးဖြစ်ကြောင်း၊ ကဏ္ဍအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထား သည့် စီးပွားရေးဦးတည် ချက်များကိုအခြေခံကာ ကာလတိုအတွင်း ရလဒ်ထွက်ပေါ်နိုင်စေမည့် လုပ်ငန်းများကို ဦးစားပေးဆောင် ရွက်သွားရန်ဖြစ်ကြောင်း၊ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မည့်အဖွဲ့များအနေဖြင့် သက်ဆိုင်ရာ ဌာနချင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားသည်။

 

ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရန်အတွက် ပိုမိုလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များအတိုင်း အဖွဲ့ဝင်များမှ ဝိုင်းဝန်ပူး‌ပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊ ဌာနများက လက်ရှိ အကောင်အထည်ဖော်နေသည့် ဦးစားပေးလုပ်ငန်းများနှင့် ချိတ်ဆက်ပြီး ရေတိုအကျိုးရလဒ်ဖြစ်ထွန်းမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးဖော် ထုတ်သွား စေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ကော်မတီတွဲဘက်အတွင်းရေးမှူး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အမျိုးသားပို့ကုန်မဟာဗျူဟာ ဖွဲ့စည်းဆောင်ရွက်မှုနှင့် ကဏ္ဍအလိုက် အကောင် အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေး ကော်မတီ ကော်မတီ အဖွဲ့ဝင်များနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)