နေပြည်တော် ဖေဖော်ဝါရီ  ၂၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားသည်

 

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြ အရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် တက်ရောက်ရန်အတွက် သင်တန်းသားများ ရွေးချယ်ရာတွင် ယခင်ကတပ်မတော်အရာရှိကြီး များကိုသာ ရွေးချယ်ခဲ့သော်လည်း ယခုအချိန်တွင် အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကိုလည်း တက်ရောက်စေခဲ့ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စသည့် အမြင် ၄ မြင်ဖြင့် ပြည့်စုံစွာထည့်သွင်းစဉ်းစား တွက်ချက်ဆောင်ရွက်နိုင်ခြင်း မရှိပါက နိုင်ငံတော်အတွက် လိုအပ်ချက်များဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအကြီးအကဲများသည် တာဝန်ထမ်းဆောင်ရာတွင် အထက်ပါအမြင် ၄ မြင်ဖြင့် စဉ်းစားဆောင်ရွက်တတ် ရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် အချင်းချင်း ဆွေးနွေးခြင်း၊ ဖတ်ရှုလေ့လာခြင်း တို့ကို တစ်နှစ်တာကာလအတွင်း ဆွေးနွေးလေ့ကျင့် ပေးခြင်းဖြစ်သဖြင့် တန်ဖိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့် အရာရှိကြီးများဖြစ်အောင် ကြိုးပမ်း ကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့တွေ့ရှိချက်များကို မိမိဘဝအတွက်၊ နိုင်ငံ့အတွက် အထောက်အကူရအောင် အလေးအနက်ထား၍ ဆောင်ရွက်ကြရန် လိုကြောင်း။

 

နိုင်ငံရေးအပိုင်းနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက်နယ်နိမိတ်နှင့် ခိုင်မာသည့်သမိုင်းကြောင်း ရှိသည့်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ခေတ်အလိုက် တိုးတက်မှုများရှိခဲ့သော်လည်း ခေတ်ပြိုင် နိုင်ငံများဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တို့၏ နောက်တွင် တဖြည်းဖြည်းကျန်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက်ပညာရပ်နှင့် စက်မှုပညာ ရပ်တို့တွင် အခြားနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင် ကျန်နေခဲ့ကြောင်း၊ ယင်းအချက်အလက် များကိုအခြေခံ၍ သင်ခန်းစာဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ဦးစွာ ပြောကြားသည်။

 

ထို့နောက် ကိုလိုနီနယ်ချဲ့နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ သယံဇာတရင်းမြစ်များကို ရယူလိုမှုဖြင့် နယ်ချဲ့ခဲ့မှုနှင့် လွတ်လပ်ရေး ပြန်လည်ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှုအခြေအနေများ၊ ကိုလိုနီ အစိုးရ၏ သွေးခွဲအုပ်ချုပ်မှုနှင့် နိုင်ငံရေးအရ အယူဝါဒကွဲပြားမှုများကြောင့် ဖြစ်ပေါ်လာသည့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ၊ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများ၌ လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွားရေးအယူဝါဒကွဲပြားခဲ့မှု အခြေအနေများ၊ ဆိုရှယ်လစ်စနစ်၌ စီမံခန့်ခွဲမှုအားနည်းချက်တို့ကြောင့် စီးပွားရေး ကျဆင်းခဲ့ကာ အရေးအခင်းများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏အခြေအနေ ယိမ်းယိုင်လာခဲ့ကာ အချုပ်အခြာအာဏာပြိုကွဲမည့် အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရသဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲ အစိုးရ၏လုပ်ငန်းများ ရပ်တန့်ခဲ့ရသောကြောင့် တပ်မတော်က ဝင်ရောက်ထိန်းသိမ်း တာဝန်ယူဆောင်ရွက်ခဲ့ရ သည့် အခြေအနေများ၊ နောက်ပိုင်းတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်သွားနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့သည့် အခြေအနေ များ၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရေးအတွက် ကိုက်ညီသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုနှင့် အလွှာပေါင်းစုံမှ အစုအဖွဲ့များ ‌ပါဝင်သော အမျိုးသားညီလာခံ၌ အခြေအတင်ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့သည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်း မရှိခြင်း ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် အညီ နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေး ရည်မှန်းချက် ၂ ရပ်၊ အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဆက်လက် လျှောက်လှမ်း လျက်ရှိမှုနှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များနှင့် ဦးတည်ချက်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေး နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အတွက် အဓိကကျသည့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားများ ကောင်းမွန်စေရေးဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍  အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)