မိတ္ထီလာ   ၂၅    ဖေဖော်ဝါရီ 

 

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင်တည်ရှိသည့်  ဖုန်ကန်ရာဇီရေခဲတောင်ပေါ်သို့ မတ် ၄ ရက်နေ့တွင်
မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ ဥက္ကဋ္ဌအပါဝင် တောင်တက်အဖွဲ့ဝင် ၂ဝ တက်ရောက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံ ကိုထွန်းလွင် ထံမှ သိရသည်။

 

ပူတာအိုမြို့နယ်အတွင်းမှာတည်ရှိတဲ့ ဖုန်ကန်ရာဇီရေခဲတောင် အမြင့်ပေ ၁၁၉၂ဝ ပေါ်ကို မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ ဥက္ကဋ္ဌအပါအဝင် တောင်တက်အဖွဲ့ဝင် ၂ဝ မတ်လ ၄ ရက်နေ့မှာ    တက်ရောက်သွားမှာပါ။     မတ်လ ၃ ရက်နေ့ မိတ္ထီလာက စတင်ထွက်ခွာမှာဖြစ်ပြီး အဲဒီနေ့မှာ ပူတာအိုမှာ ညအိပ်ပြီး ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးကို နောက်တစ်နေ့မနက် မတ်လ ၄ ရက်နေ့မှာ စတင်တက်ရောက်မှာ ဖြစ်ပါတယ်။ ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးကို လိုက်ပါမယ့် မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဝင်တွေထဲမှာ အသက် ၇ဝ နှစ်ကျော် အရွယ် အဖွဲ့နာယက ဦးဝင်းရှိန်၊ အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမျိုးသက် တို့လည်း ပါဝင်ပြီးတော့ ရေခဲတောင်တက်ခရီးအတွက် အချိန်ယူကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ      ပြုလုပ်ခဲ့ကြပါတယ် ”ဟု မိတ္ထီလာ ခြေလျင်နှင့်တောင်တက်အဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုထွန်းလွင် က ပြောသည်။ 

 

ူ

 

 

မိတ္ထီလာခြေလျင်တောင်တက်အဖွဲ့သည် ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီး မထွက်ခွာမီပုပ္ပါးတောင်၊ ဆင်တောင်၊ မြင်းမထိတောင်၊ ပြက္ခရွေတောင်၊ စိန်ခနောက်မြခနောက်တောင်၊ အရှေ့မြင်အနောက်မြင်တောင်၊ မဲနယ်တောင်တို့ကို တက်ရောက်ခဲ့သည်။ မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့၏ ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးအတွက် လေယာဉ်လက်မှတ် ကုန်ကျစရိတ်များအား   Revicon အားဆေးမှ ပံ့ပိုးကူညီသည်။

 

 

မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့၏ အဓိကဆောင်ပုဒ်မှာ - သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးပါ၊ တောင်တက်ခရီးစဉ်တိုင်းတွင် မိမိတို့အဖွဲ့ကမည်သည့် အမှိုက်မျိုးကိုမှ စွန့်ပစ်ခဲ့ခြင်းမရှိစေရ - ဖြစ်သည်။ မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့တွင် အဖွဲ့ဝင် ၁ဝဝဝ ဦးကျော် ရှိသည်။ တောင်တက်ခရီးစဉ်များတွင် တောင်တက်အဖွဲ့ဝင် ၁၄ဝ ဦးနှင့် ၂ဝဝ ဦး ဝန်းကျင်ခန့် အမြဲတမ်းလိုက်ပါတက်ရောက်ခဲ့ပြီး ဖုန်ကန်ရာဇီရေခဲတောင်ခရီးကိုမူ  တောင်တက်အဖွဲ့တာဝန်ရှိသူများမှ ရွေးချယ်ထားသူ အဖွဲ့ဝင် ၂ဝ   ပထမဆုံးတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ချမ်းသာ (မိတ္ထီလာ )