နေပြည်တော် ဖေဖော်ဝါရီ ၂၉
Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ အာမခံလုပ်ငန်း၏ အရေးပါမှုနှင့် မမျှော်မှန်းနိုင်သော အန္တရာယ်များအတွက် အာမခံ၏အကာအကွယ် ရယူနိုင်မှုတို့ကို သိရှိနားလည်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အာမခံလုပ်ငန်းဆိုင်ရာ ဟောပြောပို့ချခြင်းကို ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်းက Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပရာ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက အာမခံ၏ အဓိပ္ပါယ်၊ အာမခံလုပ်ငန်း၏ သဘောတရား၊ အာမခံကုမ္ပဏီများ၏ သမိုင်းကြောင်း၊ အာမခံအမျိုးအစားများနှင့် ရောင်းချသည့်နည်းလမ်းများ၊ မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းများနှင့် စျေးကွက်ဝေစု ရရှိမှုအခြေအနေ၊ မြန်မာ့အာမခံလုပ်ငန်း၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးသည်။ ထို့နောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်က မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးထံ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။
သတင်းစဉ်