နေပြည်တော် ဖေဖော်ဝါရီ ၂၉

 

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စိုက်ပျိုးရေးလုပ်ငန်းအများစုမှာ စပါးစိုက်ပျိုးကြပြီး မိုးစပါး စိုက်ဧက ၁၅ သန်းခန့် ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းတွင် စိုက်ဧက ၇ သိန်းခန့်ရှိပြီး လိုအပ်သောသွင်းအားစုများ ရာသီအချိန်မီရရှိရေးကို သက်ဆိုင်ရာဌာနများက ကြိုတင် ကြီးကြပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြေဩဇာအသင်းအနေဖြင့် အသင်းဝင်ကုမ္ပဏီများက သွင်းကုန်လိုင်စင် ရရှိပြီး လိုင်စင်ကိုင်ထားခြင်း၊ ပြန်လည်ရောင်းချခြင်း၊ ဈေးကစားခြင်းများ မရှိစေရေး၊ လိုင်စင်ဖောင်းပွမှုများ မရှိစေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သွင်းအားစုများ အချိန်မီရရှိရန်၊ အရည်အသွေး ပြည့်မီရန်၊ ဈေးနှုန်းသက်သာအောင် ကြီးကြပ်ဆောင်ရွက်ရန်၊ မိုးစပါးရာသီအတွက် သွင်းအားစုများ အချိန်မီရရှိအောင် ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဆောင်ရွက် မည့် မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ပေးကြရန် မှာကြားသည်။

 

ဆက်လက်၍ ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်အတွက် သွင်းအားစုများ တင်သွင်း ထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်က လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။

            

ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာနကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာတွင် သမဝါယမဦးစီးဌာနနှင့် လယ်ယာသုံးစက်ကိရိယာများ ရောင်းချနေသည့်ကုမ္ပဏီများ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် သမဝါယမ လယ်ယာဝန်ဆောင်မှု သရုပ်ပြပွဲသို့တက်ရောက်ပြီး ကြောင်ရေကျေးရွာရှိ ကြောင်ရေစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသား(၃၀)၏ လယ်မြေ (၂၃၉) ဧကအနက် (၁၂၅) ဧကမှာ နွေစပါးစိုက်ပျိုးနိုင်ရေး ကုမ္ပဏီပိုင်ထွန်စက်များ၊ သမဝါယမအသင်းပိုင်၊ အသင်းသားပိုင် ထွန်စက်များဖြင့် စနစ်တကျလယ်ယာမြေ ဖော်ထုတ် ထွန်ယက်ပေးပြီး ထိုင်းနှံကောက်စပါးမျိုးများကို မဒန်းဆည်ရေ အသုံးပြုကာ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း၊ အချိန်မီစုပေါင်းထွန်ယက်၊ အချိန်မီစုပေါင်းစိုက်ပျိုး၊ အချိန်မီစုပေါင်း ရိတ်သိမ်းခြင်းဖြင့် ပန်းတိုင် အထွက်တိုးနှုန်း ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အကျိုးအမြတ် ပိုမိုရရှိကာ စုပေါင်းရောင်းချခြင်းကိုလည်း အတူတကွ လုပ်ဆောင်ကြရန် မှာကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီအတွင်း ဆောင်ရွက်နေသည့် သမဝါယမစနစ် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပူးပေါင်း ချိတ်ဆက်ရမည့် လုပ်ငန်းများနှင့် တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလယ်ယာ ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက စက်ကိရိယာများ အကြောင်းကို လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက အရစ်ကျစနစ်ဖြင့် ဝယ်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး  အသင်းသားတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လယ်ထွန်စက်များဖြင့် သမဝါယမ လယ်ယာဝန်ဆောင်မှု ထွန်ယက်သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)