နေပြည်တော် ဖေဖော်ဝါရီလ ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ကြည့်မြင်တိုင် မျက်မမြင် သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရူစစ်ဆေးသည်။
ထိုသို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါကျောင်းတွင် လက်ခံ စောင့်ရှောက် ထားသော အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်း မျက်မမြင်ကျောင်းသား၊ ကျောင်းသူ (၁၁၁)ဦးကို မျက်မမြင်လက်စမ်းစာ (Braille Letter)ဖြင့် မူလတန်းပညာရေးကို ကျောင်းတွင်း ပညာရေးအဖြစ် သင်ကြားပေးနေမှု၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာရပ်များကို Inclusive Educationဖြင့် ပညာရေးဝန်ကြီးဌာနများမှ ဖွင့်လှစ်ထားသော ကျောင်းများတွင် ဆက်လက်သင်ကြားပေးနေမှု၊ Japan Heart အဖွဲ့နှင့် ပူးပေါင်း၍ တစ်နှစ် သင်တန်းအဖြစ် ဖွင့်လှစ်သင်ကြား ပေးသည့် ဂျပန်နည်းစနစ်ဆိုင်ရာ ဆေးပညာအကြောပြင် အနှိပ်သင်တန်း လက်တွေ့သင်ကြားပို့ချနေမှု၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၏ အကြောပြင် အနှိပ်သင်တန်း(၂)နှစ် သင်ကြားပို့ချနေမှု၊ ဆက်တီခုံကြိမ်ထိုးနေမှုနှင့် ပလတ်စတစ်ခြင်း ယက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မျက်မမြင်စစ်တုရင်သင်ကြားနေခြင်းနှင့် Goal Ball အားကစားနည်း လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မျက်မမြင်သင်တန်းသား၊ သင်တန်းသူများအတွက် ခေတ်မီသင်ကြားမှုစနစ်များနှင့် သင်ထောက် ကူပစ္စည်းများ အသုံးပြုနိုင်ရန် အတွက် လေ့လာပြီး လိုအပ်ချက်များတင်ပြရန်၊ သက်မွေး အတတ်ပညာများကို ယခုထက်ပို၍ အမျိုးအစားပိုမိုသင်ကြားပေးနိုင်ရေး ဆောင်ရွက်ရန်၊ မျက်မမြင်များကို မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာ တီးဝိုင်းများ သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ ရှေးဟောင်းအဆောက်အဦအား ရေရှည်တည်တံ့ရေး သက်ဆိုင်ရာဦးစီးဌာနသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျက်မမြင်အားကစားသမား ကောင်းများပေါ်ထွက်နိုင်ရေး မသန်စွမ်းအားကစားအဖွဲ့ချုပ်နှင့် ဆက်သွယ်၍ စနစ်တကျ လေ့ကျင့်ပေးရန် မှာကြားပြီး မျက်မမြင် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ထို့နောက် ဗဟန်းမြို့နယ် အလယ်ရွှေဂုံတိုင်လမ်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့ သွားရောက်၍ စောင့်ရှောက်ထားရှိသော ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကလေးပြုစုရေးဌာနဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကလေးများ ကိုပြုစုစောင့်ရှောက်ပေးရာတွင် သက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ အကူအညီများကိုရယူ၍ စနစ်တကျပြုစုစောင့်ရှောက်ပေးရန် လိုအပ်ကြောင်းပြောကြားပြီး ကလေးများနှင့် တွေ့ဆုံအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)