နေပြည်တော် မတ် ၁

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ပီတန်း အားကစားလေ့ကျင့်ရေးကွင်း၌ ပီတန်းအားကစားသမားများ၏ လေ့ကျင့်‌နေမှု၊ Cluster-3 ရှိ ဂျူဒိုလေ့ကျင့်ရေး ခန်းမ၌ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထို့သို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက နည်းပြများ၏ စနစ်တကျ သင်ကြားပြသလေ့ကျင့်ပေးမှုအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှသာ မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို ထုတ်ဖော်ပြသနိုင်မည်ဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက် ကြရန်လိုအပ် ကြောင်း၊ နေထိုင်စားသောက်မှုများနှင့် လေ့ကျင့်မှုများအတွက် လိုအပ်သည့်အထောက်အကူပြု ပစ္စည်းများကို အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် စံချိန်၊စံညွှန်းများ တိုးတက်ကောင်းမွန်စေရန် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားရန်နှင့် ပြိုင်ပွဲအတွေ့ အကြုံများရရှိစေရေးအတွက် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘိလိယက်နှင့် စနူကာအားကစားရုံတွင် ကျင်းပလျက်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)