နေပြည်တော် မတ် ၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဒိုးတန်းကျေးရွာ တောင်သူ ဦးမောင်စိုး၏ စနစ်တကျလယ်ယာမြေ​ (၁၅)ဧကတွင် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက် စက်ဖြင့် နွေစပါး၊ စိုက်ပျိုးနေမှုကို ကြည့်ရှု့အားပေးပြီး သီးထပ်စွမ်းအားတိုးတက်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရန် အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ပူးပေါင်း၍ သုတေသနနှင့် နည်းပညာပြန့်ပွားရေးကို အဓိကထားလုပ်ဆောင်ကြရန် ဆွေးနွေး ပြောကြားပြီး ရှမ်းစုကျေးရွာရှိ Healthy first သဘာဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းခွင်ကို ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပျဉ်းမလွင်ကျေးရွာတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုး ထားရှိသော တစ်ဆက်တစ်စပ်တည်း နွေစပါး ဧက(၅၀၀) စိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှု အားပေး၍ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍  ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံပြီး ပဲခူးတိုင်း ဒေသကြီးအတွင်း စပါးနှင့် ဆီထွက်သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရန် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် သနပ်ပင်မြို့ ရွှေဗျိုင်းဖြူကုမ္ပဏီ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး လယ်မြေဧရိယာများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ ရေနက်ကွင်းများတွင် စိုက်ပျိုးရေးသုတေသနနှင့် ပူးပေါင်း၍ သင့်တော်သည့် စပါးမျိုးများ စမ်းသပ်စိုက်ပျိုး ကြရန်၊ ရေသွင်းရေထုတ်နည်းများကို ပညာရှင်များနှင့်တွဲဖက်၍ လက်လှမ်းမှီ သုတေသနပြုလုပ်ကြရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)