နေပြည်တော်၊ မတ် ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်း TMT Port သို့ရောက်ရှိပြီး ပြည်ပနိုင်ငံသို့တင်ပို့မည့် ရေထွက်ကုန်ပစ္စည်းများအား X-Ray ဓာတ်ရောင် ခြည်စက်တွင် စနစ်တကျစစ်ဆေးနေမှု၊ ပြည်ပသို့တင်ပို့မည့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရန်ပြင်ဆင်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ အစည်းဝေးခန်းမ (၁) ၌ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သဘာဝမြစ်ချောင်းများ၊ ဆည်ကန်များတွင် အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းလာသည့် ငါးသယံဇာတများ ပြန်လည်ဖြည့်တင်းရေးနှင့် အာဟာရပြည့်ဝပြီး အရည်အသွေး ပြည့်မီသည့် ငါးအသားရိက္ခာကို ပြည်သူများဖူလုံစွာ စားသုံးနိုင်ရေး ၊ ငါးပုစွန် နှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချမှုတိုးမြင့်နိုင်ရေးအတွက် ဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး အစည်းအဝေးတက်ရောက်လာကြသူများ၏ တင်ပြချက်ကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေပြည်သာစက်မှုဇုံရှိ HIGH WIN INTERNATIONAL CO.LTD ၏ တန် (၅၀၀) ဆန့် အဆင့်မီအအေးခန်းစက်ရုံ နှင့် ရွှေပြည်သာစက်မှုဇုံရှိ ထွန်းသော်တာထုတ်လုပ်မှု ကုမ္ပဏီလီမိတက်၏ ငါး၊ ပုစွန် အေးခဲပြုပြင်ထုတ်လုပ်သည့် စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ထုတ်ကုန်များ၏ အရည်အသွေးနှင့် အစားအစာဘေးကင်းလုံခြုံမှုများ အလေးထားဆောင်ရွက်ရန်၊ နိုင်ငံတကာဈေးကွက်သို့ အကောင်းဆုံး ထုတ်ကုန်များတင်ပို့နိုင်ရန်၊ ဝန်ထမ်းတိုင်းအရည်အချင်း ပြည့်မီစေရေးအတွက် ကောင်းမွန်စွာ သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ထို့နောက် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် မြေပဒေသာကျွန်းရှိ မာလာမြိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အရောင်းဆိုင်ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်