နေပြည်တော် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၄

 

နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် နေပြည်တော် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၄ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက “နေပြည်တော်သည် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများဆု (ASEAN Environmental Sustainable Cites Award)ကို ၂၀၁၇ ခုနှစ်တွင် ရရှိထားပြီး Clean City၊ Green City၊ Smart City မြို့တော်ဖြစ်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ နေပြည်တော် ပလတ်စတစ် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို ကော်မတီဝင် ဌာနဆိုင်ရာများ၏ အားသွန်ခွန်စိုက် အလေးထား ပူးပေါင်းဆောင်ရွက်သွားဖို့လည်း လိုအပ်ကြောင်း၊ တောမီးနှင့် အခြား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် လူသားများ၏ ကျန်းမာရေး အပါအဝင် အခြားသောသက်ရှိ ဂေဟစနစ်များ ယိုယွင်းပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သဖြင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု အန္တရာယ်ကို လျော့နည်းသက်သာစေရေးအတွက် လုပ်ငန်းအစီအစဉ်များကို လုပ်ငန်း ကော်မတီ၏ အဖွဲ့ဝင်ဌာနများအနေဖြင့်လည်း  မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး ဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း” ပြောကြားသည်။ ထို့နောက် နေပြည်တော် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် နေပြည်တော်နယ် စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက ကော်မတီများ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်နောက် နေပြည်တော် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် နေပြည်တော် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ နေပြည်တော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)