ရန်ကုန် မတ် ၄

ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ နဝမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေး ကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ် ဆရာတော်များကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တစန္ဒဝရ က ဗုဒ္ဓမြတ်စွာသာသနာတော် သန့်ရှင်းတည်တံ့ထွန်းကား ပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည့် သာသနာ့ဝန်ထမ်း ရဟန်းတော်များကို နှစ်စဉ်ပေါ်ထွန်း လာစေသော ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းများအဖြစ် ရေရှည်ဆက်လက် တည်တံ့ခိုင်မြဲနိုင်ပါ စေကြောင်း  မြွက်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍  သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း က ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း(ဗဟို) ကြီးကြပ်ရေးအဖွဲ့ အဋ္ဌမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လျှောက်ထားပြီး ဆက်လက်ဆောင်ရွက်မည့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လျှောက်ထားသည်။

ထို့နောက် ကြွရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းလျှောက်ထားကာ ဆွေးနွေးချက်သုံးရပ်နှင့် ပတ်သက်၍ အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌဆရာတော် ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇက ဘဒ္ဒန္တကေသရာဘိဝံသ က သင်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာတော်များ အနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံ တင်ပြလမ်းညွှန် မှုခံယူရန်ရှိပါက အများဆန္ဒဖြင့် တစ်စုတစ်စည်းတည်း တင်ပြလျှောက်ထားစေ လိုကြောင်း" မြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီးက ကြွရောက်လာကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နှစ်နှစ်သင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ထားရှိပြီး ယနေ့အချိန်ထိ ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်း (၁၄)ကျောင်းမှ သင်တန်းဆင်းရဟန်းတော် (၄၅၁၄)ပါး သင်တန်း အောင်မြင်ခဲ့ပြီး တက်ရောက်ဆဲသင်တန်းသားရဟန်းတော် (၂၇၄)ပါး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်