ပုသိမ် မတ် ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး စကားဝိုင်းဆွေးနွေးပွဲများနှင့်ပြခန်းများ ပိတ်ပွဲအခမ်းအနားကိုတက်ရောက်၍ ဆုများချီးမြှင့်သည်။

မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ခရိုင်ကန်ကြီးထောင့်မြို့နယ် စာဖြူစုကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၏ Super sun-41 ဆီထွက်သီးနှံ နေကြာ ၁၀ ဧက စံပြကွက်နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းနှစ်ဧကကို ကြည့်ရှုအားပေးပြီး မျိုးရွေးချယ်မှုများ စနစ်တကျ ဆောင်ရွက်ရန်၊ ပိုးမွှားအန္တရာယ်ဂရုစိုက် ဆောင်ရွက်ရန်၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေးဆောင်ရွက်ရန်၊ အထွက်နှုန်းများအား စနစ်တကျမှတ်တမ်း ထားရှိရန်နှင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် ပုသိမ်ခရိုင် ကန်ကြီးထောင့် မြို့နယ် ဝါးဒူးကျေးရွာ၌ပြုလုပ်သည့် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်း အနား (တတိယနေ့) ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးစကားဝိုင်းဆွေးနွေးပွဲရလဒ်များ ရှင်းလင်းဆွေးနွေး ပွဲသို့တက်ရောက်ရာ အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင် အထွက်နှုန်းရရှိစေရေး စကားဝိုင်းဆွေးနွေးပွဲ ရလဒ်များကို ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများနှင့် တာဝန်ရှိသူများကလည်းကောင်း၊ မွေးမြူရေးစကားဝိုင်းနှင့် ငါးမွေးမြူရေးစကားဝိုင်းတို့မှ ဆွေးနွေးပွဲရလဒ်များကို တာဝန်ရှိသူများကလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးသည်။

နေကြာဆီများ ပိုမိုထုတ်လုပ်နိုင်ရေးမှာကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကျေးရွာရှိ ဦးအောင်နိုင်ဦး၏ ဆီကြိတ်စက်သို့သွားရောက်၍ နေကြာဆီ ကြိတ်ခွဲထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးပြီး သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် နေကြာဆီများ ပိုမိုထုတ်လုပ်နိုင်ရေး မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် တောင်သူများနှင့် လက်ရည်တစ်ပြင်တည်း နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။

လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး

ထို့နောက် ဆွေးနွေးပွဲဒုတိယပိုင်းကိုပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ဝါးခယ်မမြို့နယ်နှင့် မအူပင်မြို့နယ်တို့မှ နေကြာ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဆောင် ရွက်ချက် Video Clip ကို ကြည့်ရှုအားပေးပြီး သာပေါင်းမြို့နယ်မှ နေကြာ ၁၀ ဧက စံပြကွက်အား အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ခဲ့မှု၊ ဇလွန် မြို့နယ်မှ တောင်သူ ဦးရွှေထူး၏ နေကြာစံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှု၊ နေကြာသီးနှံပန်းတိုင် အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ နေကြာသီးနှံတွင် ကျရောက်တတ်သော ရောဂါလက္ခဏာများ၊ ကာကွယ်နှိမ်နင်းနည်းများ၊ သာပေါင်းမြို့နယ် နေကြာစိုက်ခင်းအတွင်း ကွင်းဆင်းတွေ့ရှိချက်များနှင့် ပျားမွေးမြူရေးပညာရှင်တို့၏ ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြား ဆွေးနွေးသည်။

ယင်းနောက် ပုသိမ်တက္ကသိုလ်ပထဝီဝင်ဌာနမှ ပါမောက္ခက စပါးအထွက်တိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု သုတေသနပြုလုပ်တွေ့ရှိချက်နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) ၏ သုတေသနမှူးက ဆောင်ရွက်ခဲ့သည့် သုတေသန၊ ထုတ်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်အပေါ်ဆောင်ရွက်ပြီးစီးမှု၊ မိုးကြိုရာသီတွင် ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းများကို ဆွေးနွေးကြသည်။

ဆက်လက်၍ (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ အထမ်းအမှတ်ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးစကားဝိုင်းဆွေးနွေးပွဲနှင့် ပြခန်းများပိတ်ပွဲ အခမ်းအနားကိုကျင်းပရာ အထိမ်းအမှတ်ပြခန်းများ ခင်းကျင်းပြသရာ၌ နှစ်သိမ့်ဆု ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယဆုရရှိသည့်ခရိုင်များကို တာဝန်ရှိသူများကလည်းကောင်း၊ နှစ်သိမ့်ဆုပထမဆုရရှိသည့် မြန်အောင်ခရိုင်အား ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးကလည်းကောင်း၊ ဂုဏ်ပြုတတိယဆုရရှိသည့် ပုသိမ်ခရိုင်အား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ကျုံပျော်ခရိုင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် မြောင်းမြခရိုင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင်ကလည်းကောင်း ဆုများချီးမြှင့်ကြသည်။

ထို့နောက် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေး စကားဝိုင်းဆွေးနွေးပွဲရလဒ်များကို စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက စုစည်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒအရပ်ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းကိုလည်း အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရန်အတွက် မြေဆီလွှာများ ပြန်လည်ကောင်းမွန်ရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဓာတုမြေဩဇာသုံးစွဲခြင်းများကိုလျှော့ချ၍ သဘာဝမြေဩဇာများသုံးစွဲရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရေခံ၊ မြေခံကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းသည့်အတွက် စည်ပင်ပြန့်ပွားတိုးတက်မည့် အလားအလာကောင်းများကို တွေ့ရှိနေရပြီဖြစ်ပါကြောင်းနှင့် တစ်စုတစ်စည်း စည်းစည်းလုံးလုံးဖြင့် တွေ့ကြုံရသည့်အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်သွားကြရန်လိုပါကြောင်း နိဂုံးချုပ်အမှာစကားများပြောကြားပြီး ဌာနဆိုင်ရာများနှင့် တောင်သူကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

သတင်းစဉ်