နေပြည်တော် မတ် ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ ရှေးဟောင်းဇုန်များအတွင်းရှိ စေတီပုထိုးများအတွင်း ရေကြီးရေဝပ်မှု လျော့ကျနိုင်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရှေးဟောင်း ရေကန်များဖြစ်သည့် ဖျောက်ဆိပ်ပင်ကန် (၁၊ ၂၊ ၃) ကန်၊ ဖိုးသူတော်ကန်နှင့် မြောက်တစ်ဝက်ကန် စုစုပေါင်း ငါးကန်ကို ရှေးမူမပျက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် သတ်မှတ်ချက်များအတိုင်း ပြန်လည်ဆယ်ယူ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ပြီး မြောက်တစ်ဝက်ကန်မှာ ရာနှုန်းပြည့်နှင့် ဖျောက်ဆိပ်ပင်ကန်-၁ မှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပေးခြင်းဖြင့် ပုဂံခေတ် ရေအသုံးချမှုစနစ်ကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပြီး မိုးရာသီကာလအတွင်း မိုးရေကို စုဆောင်းသိုလှောင်နိုင်ကာ ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် မိုးရာသီအတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိစေခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာအကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်