နေပြည်တော် မတ် ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အတူ ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ နေပြည်တော် ကိုယ့်အားကိုယ် ကိုးမူလတန်းကြိုကျောင်း သို့ သွားရောက်၍ ကလေးများအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး ကလေးများ သင်ကြား လေ့ကျင့်ပေးမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မူလတန်းကြိုကျောင်း၏ ကြီးကြပ်သူများ၊ တာဝန်ခံ ဆရာမများနှင့် တွေ့ဆုံ၍ မူလတန်းကြိုအရွယ်သည် စူးစမ်းလေ့လာမှု အားကောင်း၍ ပတ်ဝန်းကျင်မှ ပြုစုပျိုးထောင် ပေးမှုများသည် ကလေးများဖွံ့ဖြိုးမှုအတွက် အရေးပါသည့် အခန်းကဏ္ဍများဖြစ်ပါကြောင်း၊ ကလေးများ အတွက် ဖွံ့ဖြိုးမှုနည်းလမ်းများနှင့်အညီ စနစ်တကျသင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေး စသည်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မကြာခင် မူလတန်းသို့ တက်ရောက်ရမည့် ရင်သွေးငယ်များအတွက် မူလတန်းကြိုကျောင်းများသည် သင်ယူမှု၏ အဓိကအခြေခံအုတ်မြစ်များဖြစ်သဖြင့် တတ်နိုင်သမျှ ထောက်ပံ့ပေးရမည်ဖြစ်ပါကြောင်း၊ လူမှုသဟဇာတ ဖြစ်စွာဖြင့်နေထိုင်တတ်ပြီး ကိုယ်ချင်းစာနာစိတ်ဖြင့် မိမိပတ်ဝန်းကျင်ကိုအကျိုးပြုသည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်စေရေးအတွက် ဆရာ၊ မိဘနှင့်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီး ကလေးများကို အရုပ်၊မုန့်နှင့် ပဲနို့များ ကျွေးမွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်ရ သုဇနကာရီ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာသို့ သွားရောက်၍ ဂေဟာ၏ နာယကဆရာတော်အား ဖူးမြော်ကန်တော့ပြီး ဂေဟာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ မေးမြန်းလျှောက်ထားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဂေဟာရှိ တာဝန်ခံများ၊ ဂေဟာအုပ်ချုပ်ရေးမှူးအပါအဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကလေးများအား စောင့်ရှောက်ထားရှိမှုအခြေအနေ၊ စားသောက်ရေး၊ နေထိုင်ရေးနှင့် မိသားစုများနှင့် တွေ့ဆုံနိုင်ရေး ဆောင်ရွက်ပေးနေမှုကို မေးမြန်းခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ဂေဟာရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တာဝန်ခံနှင့် ဆရာမများ၊ ကလေးများကိုတွေ့ဆုံ၍ သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ပြီး ဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများ၊ မူလတန်းကြိုကျောင်းမှ ရင်သွေး ငယ်လေးများအား အရုပ်၊ မုန့်နှင့် စားသောက်ဖွယ်ရာများ ကျွေးမွေးထောက်ပံ့ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


