နေပြည်တော် မတ်၅
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေး လူငယ်သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာယင်းအဖွဲ့သည် သင်တန်းကျောင်းအတွင်းရှိ လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော လူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေး မွေးမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု၊ အိပ်ဆောင်များ ထားရှိမှု ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိမှု ၊ လူငယ်များ စာရိတ္တပြုပြင်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာ စေရန် လေ့ကျင့်ပြုစုပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်အောင် ပြုစုပျိုးထောင်ပေးမှု အခြေအနေများနှင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကော်မရှင်အဖွဲ့၏ မန္တလေးလူငယ်သင်တန်းကျောင်း ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိ ချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)