နေပြည်တော် မတ် ၆
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၊ တက်ရောက်ကြပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက Onlilne ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်သွားကြရန်၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့်အညီ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် ပြည့်ဝမြင့်မားရေးသည်လည်း လွန်စွာအရေးကြီးကြောင်း၊ ၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် အမျိုးသားစီမံကိန်းဥပဒေပါ လုပ်ငန်း ၂၄ ခုကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ ၊နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံများ အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအကြား ကောင်းမွန် ပြေလည်စွာ ဆက်ဆံနိုင်သော အရည်အချင်းရှိရန် လိုအပ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး တို့နှင့် အပြန်အလှန် အမှီသဟဲပြုနေသဖြင့် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေများကို တင်ပြကြသည်။
ဆက်လက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံ အရာရှိများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာ အပါအဝင် အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်