နေပြည်တော် မတ် ၆
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အသစ် ၇ ခု ကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၂၂ သန်းနှင့် ကျပ် ၉၉,၆၈၃ ဒသမ ၁၂၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၃၆၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၉ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၅ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၀ ရာခိုင်နှုန်း ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာ သည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများကို စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်